မင်းဘူး  ၁  နိုဝင်ဘာ 
 
 
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် ကြားဖြတ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသော မဲရုံများနှင့် ကြိုတင်မဲပေးစာရင်းများ ထိန်းသိမ်းထားရှိမှုတို့အား မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးထွဋ်ဦး၊ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ကျော်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့နှင့် စကုမြို့ပေါ်ရှိ မဲရုံများသို့ သွားရောက်ပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
 
 
ယင်းသို့ စစ်ဆေးရာ၌ တာဝန်ရှိသူများက မဲရုံများအလိုက် တာဝန်ယူ ဆောင်ရွက်မည့် မဲရုံမှူးများနှင့် အဖွဲ့ဝင်များ၏ ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ကြိုတင်မဲပေး စာရင်းများအား စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရေး၊ မဲရုံများတွင် အလင်းရောင်ကောင်းစွာ ရရှိရေးနှင့် မဲရုံလုံခြုံရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် ထားရှိရေးတို့ကို ဆွေးနွေး မှာကြားခဲ့သည်။
 
 
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်းဘူးမြို့၌ အမှတ်(၃၊ ၄) ရပ်ကွက်၊ စကုမြို့၌ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၄)အုပ်စုတို့တွင် မဲရုံပေါင်း (၉၆)ရုံ စီစဉ်ဆောင်ရွက်ထားရှိ ပေးထားကြောင်းနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၆၈၄၁၄)ဦးရှိကြောင်း သိရသည်။
 
 
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများမှ မင်းဘူး(စကု)မြို့နယ်၌ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
 
ရဲဝင်းနိုင်  (ညောင်ဦး)