မင်းဘူး ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ဈေးကွက်အတွင်း ကုလားပဲများ ရောင်းအားကောင်းပြီး ဈေးမြင့်တက်လာကြောင်း မင်းဘူးမြို့ အမှတ်(၃) ထက်ဝေယံ ပွဲရုံပိုင်ရှင် ဦးခင်မောင်တင့်ထံမှ သိရသည်။

ကုလားပဲကို လေးပင်၊ ပဒါန်း၊ ရှမ်းတပ်၊ ပက်ပယ်၊ ရေတွင်းကုန်း၊ ချောင်းဖြူ၊ မောင်းမကန် ကျေးရွာများမှ အများဆုံး လာရောက်ရောင်းချကြပြီး တစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဈေးရှိကာ ကုလားပဲ အုပ်စုများအနေနဲ့ V2, V6, ၉၂၉၊ ထိုင်ဝမ်ကုလားပဲ၊ ရိုးရိုးကုလားပဲ ဟူ၍ လေးငါးမျိုးရှိသော်လည်း တစ်မျိုးနှင့် တစ်မျိုး ဈေးအနည်းငယ်သာ ကွာဟမှုရှိကြသည်။ 

ကုလားပဲသီးနှံများသည် တပို့တွဲလဆန်းမှ တန်ခူးလအတွင်း ပေါ်လေ့ရှိပြီး ယခင်နှစ်များက ပေါ်စတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ကျော် ၅၀၀၀၀ ဝန်းကျင်ဈေးသာ ရှိသော်လည်း ယခုနှစ်တွင် ကျပ် ၆၃၀၀၀ ဈေးဖြင့် ရောင်း/ဝယ် နေကြခြင်းမှာ ပြည်တွင်း၌ စွယ်စုံသုံး သီးနှံတစ်မျိုးဖြစ်သည့်အတွက် ဝယ်လိုအားများနေသည့်အပြင် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကလည်း ဝယ်ယူခြင်းကြောင့် ကုလားပဲဈေး မြင့်တက်လာရခြင်းဖြစ်ကြောင်း ထက်ဝေယံ ပွဲရုံပိုင်ရှင် ဦးခင်မောင်တင့်က ပြောသည်။

ဇေယျာထက်(မင်းဘူး)