မင်းဘူး မတ် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မဈေးကြီးတွင် မီးဘေးကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်း လုပ်ငန်းများကို မတ် ၇ ရက် မွန်းလွဲပိုင်းက မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး အဆိုပါဈေးကြီး၌ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းတို့က ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အမြင့်တင်ရေစင်၊ ရေလှောင်ကန်၊ ရေစုကန်များနှင့် အပေါ့စား မီးငြှိမ်းသတ်စက်များ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်း၊ မီးငြှိမ်းသတ်ယာဉ်ကြီးများ၊ အပေါ့စားမီးငြှိမ်းသတ်စက်ဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


