မင်းဘူး ဖေဖော်ဝါရီ ၂၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ အားကစားနည်း ခုနစ်မျိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နွေရာသီ အခြေခံအားကစားသင်တန်းများတွင် ဘော်လီဘော၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ Fitness Dance ၊ ဝူရှူးအားကစားနည်းများကို သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် လာရောက်သင်ကြားနိုင်စေရန်နှင့် မိမိတို့ ဒေသတွင်းမှ အားကစားဝါသနာရှင် ပြည်သူများအနေဖြင့်လည်း အသက်ကြီး/ငယ် ကျား/မ မရွေး၊ အမျိုးသား၊ အမျိုးသမီးမရွေး အခမဲ့လာရောက် စာရင်းပေးသင်ကြားနိုင်ကြောင်း မင်းဘူးမြို့ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းထံမှ သိရသည်။

 

ယင်းအားကစားသင်တန်းများကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ မတ်လ ပထမပတ်အထိ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ စစ်တုရင်သင်တန်းများကို ခရိုင်အားကစားရုံတွင် နံနက်ပိုင်း၌လည်းကောင်း၊ Fitness Dance ၊ ဝူရှူး၊ မြန်မာ့သိုင်း၊ ဘော်လီဘော အားကစားနည်း သင်တန်းများကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ညနေပိုင်း၌လည်းကောင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)