မင်းဘူး မတ် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကျောင်းသား ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီ ရက်တိုအားစကားနည်းသင်တန်း ဆင်းပွဲကို မတ် ၄ ရက် နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်း ကျောင်းသား ကျောင်းသူများက သင်ယူတတ်မြောက်ခဲ့သည့် ဘာသာရပ်အလိုက် ဧည့်ခံတင်ဆက်ပြီး တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကျောင်းသားများနှင့် သင်တန်းနည်းပြများအား သင်တန်း ဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ နွေရာသီ ရက်တိုသင်တန်းကို မင်းဘူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့က ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၄ ရက်ထိ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် ကဗျာလွတ်အက၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ ဝူရှူး၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ် အားကစားနည်းများနှင့် English Speaking၊ Fitness Dance၊ အခမ်းအနားမှူး ဘာသာရပ်တို့ကို ကျွမ်းကျင်နည်းပြများဖြင့် စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။’

မောင်မောင်(မင်းဘူး)