မင်းဘူး ၈ မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ဈေးရောင်း/ဈေးဝယ် မိဘပြည်သူများ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မြို့မဈေးအနောက်ဘက်ရှိ အင်ကြင်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းခင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၁ ဒသမ ၉၉ သိန်း အကုန်အကျခံကာ လမ်းအရှည် ၃၃၀ ပေ x အကျယ် ၁၈ ပေ x ထု ၉ လက်မ ကွန်ကရစ်အမျိုးအစားအဖြစ် လုပ်ငန်းတင်ဒါစနစ်ဖြင့် တင်ဒါအောင်မြင်သော တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ယူခင်းကျင်း ဆောင်ရွက်လျက်ရှိပြီး သတ်မှတ် စံချိန်စံညွှန်များနှင့်အညီ အရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေးတို့ကို တာဝန်ရှိသူများက အနီးကပ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် အခြားငွေလုံးငွေရင်း ခေါင်းစဉ်အောက်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုပ်ငန်းစုစုပေါင်း ၇၆ ခုကို ကျပ် ၇၂၇.၂၈ သန်းဖြင့်လည်းကောင်း၊ လမ်းခင်းကျင်းရေး လုပ်ငန်းများအတွက် လမ်းစုစုပေါင်း ၂၆ လမ်းကို ကျပ် ၄၅၈.၇၃ သန်း ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၉၁ ခုနှင့် လမ်းခင်းကျင်းရေးလုပ်ငန်းများကိုလည်း လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

 

မောင်မောင်(မင်းဘူး)