မင်းဘူး    ၂၃   ဧပြီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဇရပ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျေးရွာတွင်းလမ်း အရှည်ပေ ၆၀ဝ အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ဇရပ်ကြီးကျေးရွာရှိ ကျေးရွာတွင်းလမ်းအား မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းမှ ငွေကျပ် သိန်း ၁၀ဝ ထောက်ပံ့ ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၄၄ သိန်း ထည့်ဝင်၍ လမ်းအရှည်ပေ ၆၀ဝ၊ အကျယ် ၁၅ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် မတ်လကုန်ကစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ (၉၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

9004652

 

အဆိုပါကျေးရွာသည် အိမ်ခြေ ၁၇၅ အိမ်၊ လူဦးရေ ၇၀၈ ဦး နေထိုင်လျက်ရှိကြောင်းသိရပြီး ယခုဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

 

မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဇရပ်ကြီးကျေးရွာအပါအဝင် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပေါင်း ၁၆ ရွာ စိစစ်ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀ဝ နှင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း(၁၆)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောကြားခဲ့သည်။

 

သူရိန်(မင်းဘူး)