မင်းဘူး ၃ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ခရုကန်ကျေးရွာအုပ်စု ခရုကန်ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြေသားရေကန်တိုးချဲ့ တူးဖော်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်လျက် ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ခရုကန်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် အလျားပေ ၈၀ဝ ၊ အနံပေ ၂၀ဝ၊ အနက်ပေ ၅ ပေ နှင့် အလျားပေ ၆၀ ၊ အနံ ၂၅ ပေ၊ အမြင့် ၄ ပေရှိ ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၂ ဒသမ ၅၉၃ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့ကာ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ဆောင်ရွက် လျက်ရှိကာ ယခုအခါ မြေသားရေကန်တိုးချဲ့တူးဖော်ပြီးကာ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းအား အချောသတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေသားရေကန်တူးဖော်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၆၉ အိမ်၊ လူဦးရေ ၁၅၄၂ ဦးနှင့် ကျွဲနွား တိရစ္ဆာန်များပါ ရာသီမရွေး သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
"ယင်းခရုကန်ကျေးရွာသည် မင်းဘူးမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၃၆၉ အိမ် လူဦးရေ ၁၅၄၂ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေထိုင်ကြသည်။ ကန်ကိုပြုပြင်ခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ နုန်းမြေများ မြင့်တက်လာကာ နွေရာသီကာလတွင် ရေသိုလှောင်နိုင်သည့်ပမာဏ လျော့နည်း လာသည့်အတွက် ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလိုကန်ကို ပြန်လည်တိုးချဲ့တူးဖော် ပေးခြင်းဖြစ်ပါတယ်"ဟု မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြသည်။
သူရိန်(မင်းဘူး)


