မင်းဘူး ၁၁ ဧပြီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာသာယာ ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောက်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကမ်းနီကျေးရွာ သောက်သုံးရေရေရရှိရေးအတွက် အနက်ပေ ၄၀ဝ ရှိ ၄ လက်မ စက်ရေတွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်း တို့အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ယခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၄ ဒသမ ၅၅၂ သန်းဖြင့် တင်ဒါအောင်မြင်သော လင်းမြတ်မင်းကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၇၅ အိမ်နှင့် လူဦးရေ ၇၂၀ ဦး အပြင် ကျွဲ၊ နွား၊ တိရစ္ဆာန် များအတွက်ပါ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ပြီး မင်းဘူးမြို့နယ်အတွင်း ကမ်းနီကျေးရွာအပြင် စိုင်ရှင်၊ ပိုက်သင်နှင့် ဇီးဖြူကုန်းကျေးရွာ တို့တွင်လည်း သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


