မင်းဘူး ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော် အထက်စက်တော်ရာရှိ ကမ္ဘာလုံး အောင်မြေစေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါ စေတီတော်အနီး ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ စေတီတော်အား ဝတ်ရွတ်အဖွဲ့က ဓမ္မစကြာ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ကြပြီး အလှူရှင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် မိသားစုဝင်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းနှင့် ဂေါပကအဖွဲ့ဝင်များက စေတီတော်အား တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အား လက်ယာရစ် သုံးပတ်လှည့်လည် ပူဇော်ဦးခိုက်၍ စေတီထွတ်သို့ အဆင့်အဆင့် ပင့်ဆောင်ကာ တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ယာယီမဏ္ဍပ်တွင် ပင့်သံဃာဆရာတော်ငါးပါးက ဗုဒ္ဓဘိသေက ဘုရားအနေကဇာ လှူဒါန်းပူဇော်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရစ္ဇျာယ်တော် မူခဲ့ကြသည်။ ဆက်လက်၍ အလှူရှင်မိသားစုနှင့် ဧည့်ပရိသတ်များက ရတနာကံမြင့်ကျောင်းမှ မန်းရွှေစက်တော်ဘုရားပွဲ အကျိုးတော်ဆောင် ဆရာတော် ဦးတေဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော် ငါးပါးအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများပေးဝေ၍ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
