မင်းဘူး    ၁၅  မေ     

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောင်း ကျေးရွာ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ပန်းတောင်းကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေကျပ် ၁၆ ဒသမ ၁ သန်း ဖြင့် အနက် ၁၅ ပေ ၊ အကျယ် ၆ ပေရှိ လက်တူးတွင်းကျယ်တူးဖော်ခြင်း၊ အလျားပေ ၁၅ ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိ ရေဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် နှစ်ကန်တည်ဆောက်ခြင်း ၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းနှင့် အရှည်ပေ ၄၅၀၀ ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိရာ ယခုအခါလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် အတွက် အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၈၀ အိမ်မှ လူဦးရေ ၁၁၀၀ ဦးတို့၏ သောက်သုံးရေဖူလုံစွာ သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ဌာနအနေဖြင့် မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပန်းတောင်း ကျေးရွာအပါအဝင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ဖို့အတွက် ကျေးရွာ ၇ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနဲ့ ဆက်စပ်လုပ်ငန်း ငါးခု၊ မြေသားရေကန်တူးဖော်ခြင်း အခြားရေရရှိရေးလုပ်ငန်း ၁ ခု စုစုပေါင်းလုပ်ငန်း ၇ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၁၃၆ ဒသမ ၂ သန်း ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့် ဌာနက အင်ဂျင်နီယာများစုဖွဲ့မှုဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်”ဟု မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း က ပြောပြ၍ သိ​ရသည်။

 

 

သူရိန်(မင်းဘူး)