မင်းဘူး ၊ ၂၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ပုဂံစစ်ကျေးရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။
"ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ကျေးရွာတွေ ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေး အလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှုမရှိစေရေး ကျေးရွာပြည်သူများနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက် နေပါတယ်"ဟု မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောသည်။
ပုဂံစစ်ကျေးရွာတွင် အနက်ပေ ၄၀ဝ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းတို့အား ၂၀၂၀-၂၀၂၁ ခုနှစ် ကျေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၄ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာဒီဇင်ဘာလ ၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါစက်ရေတွင်းတူးဖော်ပြီးစီး၍ ရေထွက်နှုန်း တစ်နာရီလျှင် ဂါလန် ၂၃၀ဝ ထွက်ရှိပြီး လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း က ပြောသည်။
သူရိန်(မင်းဘူး)


