မင်းဘူး  ၁၃   စက်တင်ဘာ 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအုပ်စု၊ ဝက်မြေကန်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း(NEP) တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် မဟာဓာတ်အားလိုင်း ရောက်ရှိနေသည့် နေရာမှစပြီး ၁၀ မိုင်အထက် ကျေးရွာများကို တစ်အိမ်သုံးဆိုလာစနစ်၊ ဆိုလာအသေးစား ဓါတ်အားပေးစနစ်တို့ဖြင့် မီးရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ဝက်မြေကန်ကျေးရွာကို အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေးစီမံကိန်း(NEP) တစ်အိမ်သုံးဆိုလာစနစ် ICB-3 ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ ဆိုလာ၊ ဘက်ထရီနှင့် အင်ဗာတာနှင့် ဆက်စပ်ပစ္စည်းများရောက်ရှိနေပြီ ဖြစ်ရာ မကြာမီတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြ၍ သိရသည်။


အဆိုပါ ဝက်မြေကန်ကျေးရွာတွင် အိမ်ခြေ ၅၉ အိမ်အနက် အိမ်ခြေ ၂၇ အိမ်ကို တစ်အိမ်သုံးဆိုလာစနစ် ဝပ် ၆၀  (၂၀)လုံးနှင့် ၁၀ဝ ဝပ်ဆိုလာခုနစ်လုံးနှင့် အများပြည်သူ ပိုင်နေရာများအဖြစ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်း၊ ဘာသာရေး အဆောက်အဦတစ်ခုနှင့် လမ်းမီးတိုင်ငါးတိုင်တို့ကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများမှ ၆၀ ဝပ်ဆိုလာတစ်ချပ်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင်တစ်စုံလျှင် ငါးသောင်းကျပ်၊ ၁၀ဝ ဝပ်ဆိုလာတစ်ချပ်နှင့်  ဆက်စပ်ပစ္စည်းများ အပါအဝင်တစ်စုံလျှင် တစ်သိန်းငါးသောင်းကျပ်ကို ထည့်ဝင်ရကြောင်း၊ ကျေးရွာအိမ်ခြေ၏ (၃၀) ရာခိုင်နှုန်းအထက် ဆိုလာစနစ်ကိုတပ်ဆပ် အသုံးပြုပါက အများပြည်သူပိုင်နေရာတွေဖြစ်သည့် လမ်းမီး၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အအုံများကို အခမဲ့တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မင်းဘူးမြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင်လည်း အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP) တစ်အိမ်သုံးဆိုလာစနစ် ICB-2 ဖြင့် မုန်တောင်ရွာမ၊ ရေငံ၊ ရေပေါ်ကြီး၊ ရေပေါ်လေး၊ သီးကုန်း၊ မကျီးပင်၊ ခရုကန်၊ သံပုရာကိုင်း၊ ဘန်တန်း၊ အိုင်းမ စသည့်ကျေးရွာ(၁၀)ရွာရှိ အိမ်ခြေ(၁၀၁၆)အိမ်ကို တစ်အိမ်သုံး ၆၀ ဆိုလာ ၆၅၇ လုံး၊ ၁၀ဝ ဝပ် ဆိုလာ ၃၅၉ လုံးတပ်ဆင်ပေးနိုင်ခဲ့ပြီး အများပြည်သူပိုင် နေရာများဖြစ်သော အခြေခံပညာမူလတန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်းကျောင်းသုံးကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေးဆေးပေးခန်း ငါးခု၊ ဘာသာရေးအဆောက်အဦ (၁၄) ခုနှင့် လမ်းမီးတိုင်(၁၁၉)တိုင်တို့ကို အခမဲ့တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ကျော်ဦး