မင်းဘူး ၁၂ အောက်တိုဘာ 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓါတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာရှိ အိမ်ခြေ ၁၀၄၃ အိမ်ကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းထံမှ သိရသည်။

အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP) ICB-2 ၊ ICB-3 ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ရေပေါ်ကြီး၊ ရေပေါ်လေး၊ မုန်တောင်၊ မကျီးပင်၊ ရေငံ၊ သီးကုန်း၊ ဘန်တန်း၊ အိုင်းမ၊ သံပုရာကိုင်း၊ ခရုကန်၊ ဝက်မြေကန် ကျေးရွာ ၁၁ ရွာရှိ အိမ်ခြေ ၁၀၄၃ အိမ်ကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဝပ် ၆၀ ဆိုလာ ၆၇၇ လုံး၊ ၁၀ဝ ဝပ်ဆိုလာ ၃၆၆ လုံးတပ်ဆင်ကာ မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မီးရရှိရေးဆောင်ရွက်ရာတွင် မဟာဓါတ်အား လိုင်းရောက်ရှိသည့် နေရာမှစပြီး ၁၀ မိုင်နှင့် အထက်ဝေးကွာသော ကျေးရွာများကိုသာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တစ်အိမ်သုံး ဆိုလာစနစ်အသုံးပြုသူ ပြည်သူများက ဝပ် ၆၀ ဆိုလာအတွက် ငွေကျပ်ငါးသောင်း၊ ဝပ် ၁၀ဝ ဆိုလာအတွက်ငွေကျပ် တစ်သိန်းခွဲ၊ စုစုပေါင်း ပစ္စည်းတန်းဖိုး၏ လေးပုံတစ်ပုံခန့် ထည့်ဝင်ပေးရကြောင်း၊ ထည့်ဝင်ပေးရခြင်းမှာလည်း ပြည်သူများအနေဖြင့် မိမိကိုယ်ပိုင်ငွေဖြင့် ဝယ်ယူထားသည့် ပစ္စည်းကဲ့သို့ စနစ်တကျသုံးစွဲစေလိုသည့် ရည်ရွယ်ချက်ဖြင့် ထည့်ဝင်ရခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာများတွင် မီးလင်းရေးဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ကျေးရွာရှိအများပိုင် အဆောက်အအုံများဖြစ်သည့် မူလတန်ကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေးအဆောက်အအုံ ငါးခု၊ ဘာသာရေး အဆောက်အအုံ ၁၅ ခု၊ လမ်းမီးတိုင် ၁၂၄ တိုင် ကိုဆိုလာမီးများအခမဲ့ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

တစ်အိမ်သုံးဆိုလာ ဝပ် ၆၀ စနစ်တွင် ဝပ် ၆၀ ဆိုလာတစ်ချပ်၊ ၂ ဒသမ ၅ မီတာတိုင် တစ်တိုင်၊ သုံးဝပ်မီးသီး လေးလုံး၊ ငါးဝပ် မီးချောင်းတစ်ချောင်း၊ ၁၂ ဗို့ဘက်ထရီ၊ Controllen မီးသီး မီးချောင်း ငါးပေါက်၊ USB ဖုန်း အားသွင်းပေါက် နှစ်ပေါက်ပါရှိသည့် System Box တစ်ခုပါရှိကြောင်း၊ ဝပ် ၁၀ဝ ဆိုလာစနစ်တွင် သုံးဝပ်မီးသီးလေးလုံး၊ ငါးဝပ်မီးချောင်းတစ်ချောင်း၊ ၁၂ ဗို့ဘက်ထရီ၊ Controllen မီးသီး မီးချောင်း ငါးပေါက်၊ USB ဖုန်း အားသွင်းပေါက် နှစ်ပေါက်ပါရှိသည့် System Box တစ်ခုပါရှိကြောင်း ၁၅ ဝပ် ဒီစီတီဗွီကို နှစ်နာရီမှ လေးနာရီခန့်အထိလည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။

ငြိမ်းသူ