မင်းဘူး ဇန်နဝါရီ ၂၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် လေးပင်ကျေးရွာဒေသထွက် ဆီးချိုသီးများ လှိုင်လှိုင်ထွက်ရှိလျက်ရှိပြီး ပေါ်ဦးပေါ်ဖျား ရာသီစာအဖြစ် ပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြသဖြင့် အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း မင်းဘူးမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ဆီးချိုသီးများ ဝယ်ယူရောင်းချသူများထံက သိရသည်။

 

မင်းဘူး(စကု)မြို့နယ် လေးပင်ကျေးရွာရှိ ဒေသခံပြည်သူများသည် စိုင်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြပြီး အချို့တောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရန် မိမိတို့၏ လယ်ယာမြေများတွင် ဆီးချိုသီးပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုလို ဆောင်းရာသီကာလတွင် ဆီးချိုသီးများ ရင့်မှည့်ချိန်ဖြစ်၍ ဆွတ်ခူးရောင်းချရသဖြင့် နေ့စဉ်ဝင်ငေငွရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

 

“ဒီရာသီက ကျွန်မတို့ မင်းဘူး(စကု)မြို့နယ် လေးပင်ကျေးရွာက ဒေသခံပြည်သူတွေ စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိတဲ့ ဆီးချိုသီးများ ထွက်ရှိတဲ့အချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် လေးပင်ကျေးရွာ ဒေသထွက် ဆီးချိုသီးများကို ဝယ်ယူပြီး မိသားစုအပိုဝင်ငွေရရှိအောင် တစ်ဆင့်ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။ လေးပင်ကျေးရွာ ဒေသထွက် ဆီးချိုသီးက အလုံးကြီးပြီး အရည်ရွှမ်းကာ အရမ်းလဲချိုမြိန်ပါတယ်။ ပေါ်ဦးပေါ်ဖျား အချိန်ဖြစ်၊ စားလို့လဲ အရသာကောင်းမွန်တဲ့အတွက် ဒေသခံပြည်သူများနဲ့ ခရီးသွားဧည့်သည်များက အကြိုက်တွေ့ ဝယ်ယူစားသုံးကြလို့ ဈေးကွက်မှာ အရောင်းအဝယ်လဲ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဆီးချိုသီး ပေါ်စအချိန်က တစ်ပြည်ကို ငွေကျပ် ၄၀၀၀ ဈေးနဲ့ ရောင်းချရပြီး ယခုလက်ရှိမှာတော့ တစ်ပြည်ကို ငွေကျပ် ၅၀၀၀ ဈေးနဲ့ ရောင်းချနေရပြီး အရောင်းလဲသွက်ပါတယ်” ဟု မင်းဘူး(စကု)မြို့နယ် ထောက်ရှာပင် ကျေးရွာမှ လေးပင်ကျေးရွာ ဒေသထွက် ဆီးချိုသီး ဝယ်ယူရောင်းချသည့် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)