မင်းဘူး ၂၆ မတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျောက်စံကျေးရွာအုပ်စု မန်းကောက်ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ ရာသီမရွေး အချိန်မီ တင်ပို့ရောင်းချ နိုင်ရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကုန်ထုတ်လမ်း ဖောက်လုပ်လျက် ရှိရာ လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်း ဆောက်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မန်းကောက်ကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည်ပေ ၈၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရော မြေတင်ပြီး မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ထိုလမ်းပေါ်တွင် Box Culvert ၁ စင်းနှင့် ရေပြွန် ၆ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၇၂၂ သန်းဖြင့် တင်ဒါအောင်မြင်သော စိုးကြည်အောင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမန်းကောက်ကျေးရွာသည် မင်းဘူးမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၁၇၈ အိမ် လူဦးရေ ၇၄၅ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြသည်။ “အရင်ကဆို လယ်ယာထဲက ထွက်ကုန်သီးနှံတွေကို လှည်းနဲ့သာ ခက်ခက်ခဲခဲ သွားရောက်သယ်ယူနိုင်ပါတယ်။ ထွက်ကုန်သီးနှံတွေကို သယ်ယူရတာ မလွယ်ကူဘဲ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အချိန်ကြာမြင့်သဖြင့် ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလိုလမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ပေးခြင်းဖြစ်ပါတယ်"ဟု မန်းကောက် ကျေးရွာနေ ဦးထွန်းထွန်းဦးထံမှ သိရသည်။
ယခုအခါ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မန်းကောက်ကျေးရွာနှင့် အနီးဝန်း ကျင်ရှိ လယ်ယာ စိုက်ပျိုးဧက ၄၀ဝ မှ ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ရာသီမရွေး အချိန်ကုန် ငွေကုန်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောသည်။
သူရိန်(မင်းဘူး)


