မင်းဘူး ၁၀ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် မြစ်/ချောင်းကမ်းပါးပြိုကျမှုနှင့် မြေဆီမြေလွှာရေတိုက်စားမှု အန္တရာယ်မှကာကွယ်နိုင်ရန် ဗာတီဗာမြက် အမျိုးအစား ၂၀ဝ၀ ကို ဇူလိုင်လအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
“မင်းဘူး(စကု)မြို့နယ်မှာ ဧရာဝတီမြစ်ကမ်းဘေးနဲ့ မန်းချောင်းဘေးမှာရှိတဲ့ ရေဝေရေလဲဧရိယာတွေမှာ နှစ်စဉ် ရေတိုက်စားမှုတွေ ဖြစ်ပေါ်တာကြောင့် မြစ်/ချောင်းကမ်းပါး ပြိုကျမှုတွေဖြစ်ပေါ်ပြီး လူနေအိမ်တွေ ပြောင်းရွှေ့ကြရတယ်၊ လယ်/ယာ/ကိုင်း/ကျွန်းတွေ ဆုံးရှုံးကြရတယ်၊ ဒါကြောင့် မြစ်ကမ်းပါးပြိုကျမှုတွေနဲ့ မြေဆီမြေလွှာဆုံးရှုံးမှုဒဏ်တွေကို ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီးတော့ နှစ်စဉ်အလေးထား ဆောင်ရွက်စိုက်ပျိုးနေ တာပါ၊ ယခုနှစ်မှာ စိုက်ပျိုးမယ့်နေရာကို လေးနေရာသတ်မှတ်ထားပြီးတော့ တစ်နေရာကို အပင် ၅၀ဝ နှုန်းနဲ့ ဗာတီဗာမြက် အမျိုးအစား အပင်ပေါင်း ၂၀ဝ၀ ကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ကျေးရွာ မန်းချောင်းဘေးတွင် အပင် ၅၀ဝ၊ သံပုရာကိုင်းကျေးရွာ မန်းချောင်းဘေးတွင် အပင် ၅၀ဝ နှင့် လောက်ပလဲကျေးရွာ မန်းချောင်းဘေးတွင် အပင် ၅၀ဝ တို့၌ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဇူလိုင် ၅ ရက်က မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ဗာတီဗာမြက် အပင် (၅၀ဝ)ကို ရပ်ကွက်နေပြည်သူများဖြင့် ပူးပေါင်း၍ စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြောင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်အောင်ထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


