မင်းဘူး ၂၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဆေးရုံ/ဆေးခန်းများနှင့် အများပြည်သူအသုံးပြု ဝင်ထွက်သွားလာလျက်ရှိသော နေရာများကို သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ရှိကြောင်း သိရသည်။
“ပြည်သူများ မီဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် မြေပြင်မှာ အမှန်တကယ် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိခြင်းရှိ/မရှိ လိုက်လံစစ်ဆေးနေတာပါ၊ အများပြည်သူ ဝင်ထွက်သွားလာမှုများတဲ့ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံတွေ၊ ဈေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ ဟော်တယ်၊ မိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကိုဗစ်ကာလမှာ ရပ်နားထားတဲ့ KTV ကာရာအိုကေဆိုင်တွေနဲ့ အလုံပိတ် စင်တင်တေးဂီတဆိုင်များပါမကျန် အဆောက်အဦနဲ့ သင့်တော်တဲ့ ပြင်ဆင်ထားရှိမှုမျိုးနဲ့ ကိုက်ညီအောင် စည်းကမ်းတကျ ဆောင်ရွက်ထားရှိနိုင်စေဖို့အတွက် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက ပြောသည်။
ထိုသို့စစ်ဆေးရာတွင် အရေးပေါ် လွတ်မြောက်မှုဆိုင်ရာစနစ်နှင့် ပတ်သက်၍ အဆောက်အဦ အသုံးပြုမည့် လူဦးရေနှင့် အရေးပေါ်ထွက်ပေါက် လိုအပ်ချက်များ၊ ထွက်ပေါက် လမ်းညွှန်သင်္ကေတများ၊ အရေးပေါ် မီးထွန်းစနစ်၊ အရေးပေါ်အသံနှင့် အမြင်ဆိုင်ရာ အချက်ပေးစနစ်များ၊ မီးလှန့်အချက်ပေးစနစ်၊ အချက်ပေးခလုပ်၊ အချက်ပေး ခေါင်းလောင်း၊ အချက်ပြမီး၊ မီးထောက်လှမ်းမှုနှင့် မီးခိုးထောက်လှမ်းမှု စနစ်များအပြင် မီးသတ်ဆေးဘူးများ၊ မီးသတ်ရေပိုက်ခွေစနစ်၊ အမြင့်တင် မီးသတ်ရေပိုက်စနစ်၊ အလိုအလျောက် ရေဖြန်းစနစ်နှင့် ဓာတ်ငွေ့အသုံးပြုပြီး မီးသတ်ရေးစနစ် စသည့် သတ်မှတ်စည်းကမ်းချက်များဖြင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း ဦးစိန်ထွန်းက ဆက်လက်ပြောကြားသည်။
မင်းဘူး (စကု) မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူ့ဆေးရုံ ၁ ရုံ၊ တိုက်နယ်ဆေးရုံ ၁ ရုံ၊ ပုဂ္ဂလိကဆေးရုံ ၁ ရုံ၊ ဟော်တယ် ၁ လုံး၊ မိုတယ် ၁ လုံး၊ တည်းခိုခန်း ၅ ခန်း၊ KTV ကာရာအိုကေဆိုင် ၇ ဆိုင်နှင့် စင်တင်တေးဂီတဆိုင် ၄ ဆိုင်တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေး ကို ဇူလိုင်လနောက်ဆုံးအပတ်တွင် အပြီးစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)


