မင်းဘူး ၁၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) အတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင်လ(၁၁)ရက်နေ့အထိ အမည်စာရင်း လာရောက်တင်သွင်းသူ (၅)ဦးရှိကြောင်း မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
“ပါတီကိုယ်စားပြု ပြိုင်မှာက (၃)ဦး ၊ တစ်သီးပုဂ္ဂလဝင်ပြိုင်မှာက(၂)ဦး၊ ဥပဒေ၊ နည်းဥပဒေနဲ့အညီ အမည်စာရင်း တင်သွင်းတာ စုစုပေါင်း ၅ ဦးရှိပါတယ်။ အဲဒီ့ ၅ ဦးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ ဒီနေ့ညနေ ၄နာရီခွဲမှာ နောက်ဆုံးထားပြီး အမည်စာရင်းတွေ တင်သွင်းကြပါတယ်။ အမည်စာရင်း တင်သွင်းတာက ခွင့်ပြုတဲ့ကာလ ကုန်သွားပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၅)ယောက် ဝင်ပြိုင်တယ်ဆိုတော့ အရေအတွက်အားဖြင့် ဝင်ရောက်ယှဉ်ပြိုင်တာ မနည်းပါဘူး” ဟု မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးတင်ခိုင်ဇော် က ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် ဦးကျော်ငွေ၊ ပြည်ထောင်စုကြံခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအဖြစ် ဦးစိန်ရွှေမင်း(ခေါ်)မောင်ပိုက်၊ ဇူလိုင်လ ၁၀ ရက်နေ့၌ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသိန်းထက်ဝေနှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD) ကိုယ်စားပြုအဖြစ် ဦးအောင်ဌေး၊ ဇူလိုင်လ ၁၁ ရက်နေ့၌ တစ်သီးပုဂ္ဂလအဖြစ် ရွေးချယ်ခံမည့် ဦးသောင်းစိုးတို့ အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ ရုံးချိန်အတွင်းမှာ အမည်စာရင်း တင်သွင်းထားတဲ့ ပုဂ္ဂိုလ်များက သူတို့ရဲ့တင်သွင်းလွှာကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်တယ်။ ရုပ်သိမ်းမှု မရှိဘူးဆိုရင်တော့ ဇူလိုင်လ ၁၆ ရက်နေ့ တနင်္လာနေ့ နံနက် ၁၀နာရီမှာ မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှာ သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရှိရမယ့် အရည်အချင်းများနဲ့ ပြည့်စုံမှုရှိ၊ မရှိကို စီစစ်မှာပေါ့။ စီစစ်ပြီးရင်တော့ သတ်မှတ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတယ်ဆိုရင်တော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုတဲ့ ပုံစံ(၁၀)နဲ့ သြဂုတ်လ ၆ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာပါ” ဟု မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးတင်ခိုင်ဇော် က ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မင်းဘူး(စကု)မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဇေယျတု(မကွေး)