မင်းဘူး ၂၂ မတ် 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာက ကျေးလက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်နှင့် နွေရာသီကာလ သောက်သုံးရေ ရှားပါးမှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

စိုင်ရှင်ကျေးရွာရေရရှိရေးအတွက် အနက်ပေ ၃၀၀ ရှိ လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ကမ်းနီကျေးရွာရေရရှိရေးအတွက် အနက်ပေ ၄၀၀ ရှိ လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်သင်ကျေးရွာ ရေရရှိရေးအတွက် အနက်ပေ ၃၀၀ ရှိ လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ဇီးဖြူကုန်းကျေးရွာ ရေရရှိရေးအတွက် အနက်ပေ ၃၀၀ ရှိ လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၅၀၇ သန်းဖြင့် တင်ဒါအောင်မြင်သော လင်းမြတ်မင်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောက်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက စိုင်ရှင်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ပိုက်သင်ကျေးရွာနှင် ဇီးဖြူကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၉၇၀ အိမ်၊ လူဦးရေ ၄၃၀၀ ဦးတို့အတွက် သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်(မင်းဘူး)