မင်းဘူး စက်တင်ဘာ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာနှစ်တွင် မင်းဘူးမြို့နယ်အတွင်း မူလရန်ပုံငွေ ၄၅ ဒဿမ ၉၄ သန်းဖြင့် ကုန်ထုတ်လမ်းသုံးလမ်း၊ Box Culvert နှစ်စင်းနှင့် Pipe Culvert တစ်စင်းတို့ကို တင်ဒါစနစ်ဖြင့် Real Land ကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ဒုတိယအပတ်မှစတင် တည်ဆောက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောက်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါကုန်ထုတ်လမ်းများမှာ ကျောက်စံကျေးရွာကုန်ထုတ်လမ်း၊ မုန်တောင်ကျေးရွာကုန်ထုတ်လမ်းနှင့် ရေပုတ်ကျေးရွာကုန်ထုတ်လမ်းတို့ဖြစ်သည်။ စုစုပေါင်းလမ်းအရှည် ၂ မိုင် ၇ ဒသမ ၂ ဖာလုံဖြစ်ပြီး လုပ်ငန်းအားလုံးဆောင်ရွက်ပြီးဖြစ်သည့်အတွက် လယ်ယာဧကပေါင်း တစ်ထောင့်သုံးရာကျော်မှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ရာသီမရွေး အချိန်တိုအတွင်း စျေးကွက်သို့ သယ်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်မှန်း၍ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်း၊ လူထုဗဟိုပြုစီမံကိန်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတို့အပြင် လယ်ယာကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း ကိုလည်း ၂၀၁၈ခုနှစ် (၆)လဘတ်ဂျက်ဖြင့် စတင်ဆောက်ရွက်ခဲ့သည်။
လယ်ယာကုန်ထုတ်လမ်းများ ဆောင်ရွက်ရာ၌ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများမှ ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာ သယ်ပို့ပေးနိုင်သည့် လမ်းများကို စနစ်တကျ ရွေးချယ်ဖောက်လုပ်ပေးခဲ့ကြောင်း မင်းဘူးမြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
အထွေး(ကျေးလက်)


