မင်းဘူး   ၅  မေ 

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မကျီးစုကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း  အဆိုပါဦးစီးဌာနမှ သိရသည်။

 

မကျီးစုကျေးရွာသည် အိမ်ခြေ ၁၁၃ အိမ်၊ လူဦးရေ ၅၁၇ ဦး နေထိုင်လျက်ရှိကြောင်း ယခုဆောင်ရွက်သည့် ကွန်ကရစ်လမ်းလမ်းလုပ်ငန်းကို မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်းမှ ငွေကျပ် ၁၀ သန်း ပံ့ပိုးပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၃ ဒသမ ၉၅ သန်း စုစုပေါင်းငွေကျပ် ၁၃ ဒသမ ၉၅ သန်းဖြင့် အရှည်ပေ ၈၀၀ ၊  အကျယ်ပေ ၁၅၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် မတ်လကုန်ကစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများက မတ်လကုန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

 

မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောက်စံကျေးရွာအပါအဝင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပေါင်း(၁၆)ရွာ စိစစ် ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်း ထောက်ပံ့ငွေကျပ်  ၁၀ သန်း နှင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း(၁၆)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)