မင်းဘူး ၁၈ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မကျီးစုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မကျီးစုကျေးရွာသည် အိမ်ခြေ ၁၁၃ အိမ်၊ လူဦးရေ ၅၁၇ ဦး နေထိုင်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်သည့် ကွန်ကရစ်လမ်းလမ်းလုပ်ငန်းကို မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်းမှ ငွေကျပ် ၁၀ သန်း ပံ့ပိုးပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၃ ဒသမ ၉၅ သန်း စုစုပေါင်းငွေကျပ် ၁၃ ဒသမ ၉၅ သန်းဖြင့် အရှည်ပေ ၈၀၀၊ အကျယ်ပေ ၁၅၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် မတ်လကုန်မှ စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောက်စံကျေးရွာ အပါအဝင် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပေါင်း ၁၆ ရွာ စိစစ် ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၀ သန်းနှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း(၁၆)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး ၏ ပြောကြားချက်အရ သိရသည်။
သူရိန်(မင်းဘူး)


