မင်းဘူး ၂၅ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အလံပါယ်ကျေးရွာ အရှေ့တောင်ဘက် လေးဖာလုံခန့်အကွာ ဦးလှိုင်အေး၏ ကွင်းအမှတ် (၁၂၃၅)ယာမြေပေါ်တွင် ဇွန်လ ၂၄ ရက်နေ့ က ရှေးဟောင်းပစ္စည်းများ တူးဖော်နေသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အလံပါယ်ကျေးရွာ အရှေ့တောင်ဘက် လေးဖာလုံခန့်အကွာ၌ ရှေးဟောင်းပစ္စည်းများ တူးဖော်နေကြောင်း သတင်းအရ မကွေးဌာနခွဲ ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဦးစီးအရှိ ဦးရဲလွင်၊ မင်းဘူးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ အလံပါယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းကြူပါ ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနေ မြလွင် နှင့် မင်းဘူးမြို့နယ် ကြာကန်ကျေး ရွာနေ ချစ်ဟန်တို့အား ရှေးဟောင်းပစ္စည်းများ တူးဖော်ရှာဖွေလျက် တွေ့ရှိပြီး မြလွင်ထံမှ အရှည် ၄ ပေခန့်၊ လုံးပတ် ၁ လက်မခန့်ရှိ သံတူးရွင်းပြား ၁ ချောင်း၊ အရှည် ၄ ပေခန့် သစ်သားရိုးတပ် သံဂေါ်ပြား ၁ ခု၊ အရှည် ၃ ပေခန့် သစ်သားရိုးတပ် ပေါက်ပြားတစ်ခု၊ သုံးဆင့်ပါ စတီးချိုင့် ၁ လုံးနှင့် ချစ်ဟန်လွယ်ထားသော လွယ်အိတ်တစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့်အတူ ရှေးဟောင်းပစ္စည်းဟု ယူဆရသော အိုးခြမ်းပဲ့ အစိတ်အပိုင်း ၇ ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများသည် လွန်ခဲ့သော နှစ် (၁၀ဝ)ကျော်ခန့်က ရှေးဟောင်းမြေအိုးကွဲ အပိုင်းအစပစ္စည်းများ ဖြစ်နေသည့်အပြင် ၎င်းပစ္စည်းများတွေ့ရှိသည့် မြေနေရာနှင့် ဆက်စပ် မြေဧရိယာသည် ရှေးဟောင်းမြေနေရာ ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မူလပုံစံပျက်ယွင်းနေခြင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက် မရှိဘဲ မြေပေါ်ရေအောက် တူးဖော်ခြင်း၊ ရှာဖွေခြင်းများ ပြုလုပ်သူ ချစ်ဟန်နှင့် မြလွင်တို့အား မကွေးဌာနခွဲ ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)
