မင်းဘူး ၅ ဩဂုတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဌာန ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်၊ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ မင်းဘူးခရိုင်စည်ပင် သာယာရေး ကော်မတီဥက္ကဌ ဦးနွဲ့အောင်နှင့် ကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းနိုင် နှင့် ဝန်ထမ်းများ လိုက်ပါ၍ မင်းဘူးမြို့ ၊ အမှတ်(၂)ရပ်ကွက်ရှိ (၁)လမ်းအား ရပ်ကွက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နေမှု၊ မင်းဘူးမြို့ရှောင်လမ်း လမ်းဘေး(ဝဲ၊ ယာ) တစ်ဖက်လျှင် အကျယ် ၃ ပေချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းကျင်းဆောင်ရွက်နေမှု ၊ မြို့နယ်ခန်းမ တည်ဆောက်မည့်မြေနေရာ ရှင်းလင်းဆောင်ရွက်နေမှုနှင့် အမှတ်(၂)ရပ်ကွက် စည်ပင်သာယာဈေးသစ် တည်ဆောက် နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဇေလတ် တို့က ဆောင်ရွက်နေသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လတ်တလော ဆောင်ရွက်ပြီးစီးမှုနှင့် အချိန်မီပြီးစီးရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့ပြဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်၊ လုပ်ငန်းအရည် အသွေးပြည့်မီစွာ ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်းသည်။
ရဲဝင်းနိုင် (ညောင်ဦး)


