မင်းဘူး ၁၃ ဧပြီ
ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရန်အတွက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူးမြို့မ ရဲစခန်းအပိုင် နယ်မြေအတွင်း ခိုး/ဆိုး/လုယက်မှုများ မဖြစ်ပွားစေရေးအတွက် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးမင်းသန့် အနီးကပ်ကြီးကြပ်၍ ယမန်နေ့ ည ၅ နာရီ မှ ည ၇ နာရီအချိန်ထိ လှည့်ကင်းယာဉ်တန်းများဖြင့် နယ်မြေ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ နယ်မြေလုံခြုံရေး နှင့် တရားဉပဒေလုပ်ငန်းများ ဆောင်ရွက်ရာတွင် မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက်၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့အနီးမှ စတင်၍ မင်းဘူးမြို့မရဲစခန်းအပိုင် နယ်မြေအတွင်း လုယက်မှုနှင့် ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးအတွက် မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်များဖြင့် နယ်မြေဧရိယာ တစ်ခုလုံး ခြုံငုံပြီး အင်အားစု၍ ယာဉ်တင် လှည့်ကင်းများဖြင့်လည်းကောင်း၊ လူစည်ကားရာ စည်ပင်သာယာဈေး မြို့မဈေးကြီး၊ လမ်းဆုံ/ လမ်းခွများတွင်လည်းကောင်း၊ လှည့်ကင်း၊ ရပ်ကင်း၊ ဆိုင်ကယ်လှည့်ကင်း၊ ယာဉ်တင် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ နယ်မြေအတွင်း လုယက်မှုများ၊ ဒုစရိုက်မှုများ၊ လျော့နည်းကျဆင်းရေးအတွက် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမင်းသန့်၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြည်မြင့်၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်တို့နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၇၀ တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


