မင်းဘူး ၁၇ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချခြင်းများ ကို ခေတ္တယာယီပိတ်ထားချိန်၌ မင်းဘူးမြို့ခရိုင်အားကစားကွင်းအား ယာယီပျံကျဈေးအဖြစ် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး သွားရောက် စစ်ဆေးခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ ထံမှ သိရှိရသည်။

“အခုလို ဆောင်ရွက်ခြင်းအားဖြင့် ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနဲ့ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အခုလိုယာယီဈေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဈေးသို့လာရောက်ကြတဲ့ ဒေသခံ ဘိုးဘွား၊ မိဘများ၊ ပြည်သူ များ ဈေးရောင်း/ဈေဝယ်နဲ့ ဈေးသူ/ဈေးသားအားလုံး အသုံးပြုဝင်ထွက်သွားလာရာမှာလည်း လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်များနဲ့ နှာခေါင်းစည်း(Mask)များတပ်ထားပြီး ဈေးဝင်ပေါက်မှာ လက်ဆေးပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန လမ်းညွှန်ချက်များအတိုင်း ပြုလုပ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” လို့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါ လုပ်ငန်းခွင်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်း၊ မြို့နယ်ရဲမှူးအောင်ကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးဝင်းနိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစီစဉ်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက မင်းဘူးမြို့အမှတ်(၄)၊ သီရိမင်္ဂလာရပ်ကွက်၊ မင်းဘူး-ဆင်ခေါင်း လမ်းမဘေးရှိ ရေနုတ်မြောင်း ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
မောင်မောင် (မင်းဘူး)