မင်းဘူး ၁၆ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချခြင်းများကို ခေတ္တပိတ်ထားချိန်၌ မင်းဘူးမြို့ ခရိုင်အားကစားကွင်းအား ယာယီပျံကျဈေးအဖြစ် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနဲ့ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အခုလို ယာယီဈေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဈေးသို့ လာရောက်ကြသည့် ဒေသခံပြည်သူများ ဈေးရောင်း/ဈေးဝယ်နှင့် ဈေးသူ/ဈေးသားအားလုံး အသုံးပြုဝင်ထွက်သွားလာရာမှာလည်း နှာခေါင်းစည်းများ တပ်ထားပြီး ဈေးဝင်ပေါက်မှာ လက်ဆေးပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဝင်းနိုင်က ပြောသည်။

 

အဆိုပါပျံကျဈေးအဖြစ် အသုံးပြုမည့်နေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်း၊ မြို့နယ်ရဲမှူး အောင်ကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးဝင်းနိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

 

ဆက်လက်၍ တာဝန်ရှိသူများက မင်းဘူးမြို့အမှတ် (၄)၊ သီရိမင်္ဂလာရပ်ကွက်၊ မင်းဘူး-ဆင်ခေါင်း လမ်းမဘေးရှိ ရေနုတ်မြောင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 

 

မောင်မောင် (မင်းဘူး)