မင်းဘူး ၂၀ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မင်းဘူးမြို့ခရိုင် အားကစားကွင်းတွင် ယာယီပျံကျဈေးအဖြစ် ယနေ့နံနက် ၆ နာရီမှစတင်၍ ဖွင့်လှစ်ရောင်းချခဲ့ ကြောင်း သိရသည်။
“ကျွန်မတို့ ယခုလို ယာယီပျံကျဈေး ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကတော့ ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေး၊ ဈေးသည်တွေ စားဝတ်နေရေး အဆင်ပြေစေဖို့၊ ပြည်သူများ စားသောက်ရေး အဆင်ပြေဖို့၊ ကျွန်မတို့ စည်ပင်သာယာရေးအဖွဲ့ကနေပြီးတော့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ စနစ်တကျ စီစဉ်ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်၊ ဈေးရောင်း/ဈေးဝယ်သူများကိုလည်း စနစ်တကျ နှာခေါင်းစည်း (Mask) များ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်များ ထားရှိပြီး လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ပျံကျဈေးကွင်းအတွင်း ဝင်ရောက်ခွင့်ပြုပေးထားပါ၊ ယခုလက်ရှိ ဈေးရောင်းချသူဦးရေ အနေနဲ့ကတော့ (၃၀၀) ကျော်လောက်ရှိပါတယ်၊ ဈေးဖွင့်ချိန်ကိုလည်း နံနက် ၆ နာရီမှ ၁၀ နာရီအထိ ရောင်းချခွင့် ပြုပေးထားပြီးတော့ ဈေးရောင်းဖို့ရက်ကတော့ လောလောဆယ် ဧပြီ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ ဈေးရောင်းသူ၊ ဈေးဝယ်သူများကလည်း စနစ်တကျ လိုက်နာဆောင်ရွက်လျက်ရှိနေတာကို တွေရပါတယ်” ဟု မင်းဘူးမြို့နယ် စည်ပင်သာယာဈေးအဖွဲ့၊ ဒုတိယဦးစီးမှူး(ဈေး)၊ ဒေါ်စိုးစိုးသန်း က ပြောသည်။
အဆိုပါ ယာယီပျံကျဈေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ခရိုင်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာအေးကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်ပြန်/ဆက်မှ ဝန်ထမ်းများနှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ဈေးရောင်း/ဈေးဝယ် လာကြသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး) ၊ မောင်မောင်(မင်းဘူး)