မင်းဘူး ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ သာမန်ပိုးတွေ့ အတည်ပြုလူနာများထားရှိရာ စင်တာများကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပိုးသတ်ဆေးဖျန်းရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆည်းဆာရိပ်တို့၏ ခိုလှုံရာဘိုးဘွားရိပ်သာ စင်တာ၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရိုင်မိုးလုံလေလုံ အားကစားခန်းမ (အမျိုးသမီးသီးသန့်)စင်တာနှင့် စက္ကိန်းတဲဘုရား စင်တာတို့တွင် ကလိုရင်း ပိုးသတ်ဆေး ဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး စကုမြို့ရှိ ကန်ဦးသဘာဝတရားရိမ်သာ စင်တာတွင်လည်း အပတ်စဉ် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ဆေးဝါးကုသရန်လိုအပ်သော ပိုးတွေ့အတည်ပြု လူနာများကို မင်းဘူးခရိုင် ပြည်သူ့ဆေးရုံနှင့် စကုမြို့ပြည်သူ့ဆေးရုံများရှိ သီးသန့်ဆောင်များတွင် ထားရှိကုသ ဆောင်ရွက်ပေးထားပြီး သာမန်ပိုးတွေ့အတည်ပြုလူနာများကို စင်တာ (၄)ခုဖွင့်လှစ်ကာ ထားရှိကုသဆောင်ရွက်ပေးထားကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးချင်သူများကိုလည်း မင်းဘူးမြို့တွင် နှစ်နေရာနှင့် စကုမြို့တွင် နှစ်နေရာ စုစုပေါင်း(၄)နေရာ ခွဲ၍ RTD Test Kits ဖြင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)


