မင်းဘူး ၆ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူထည့်ဝင်ငွေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ပူးပေါင်း၍ တမာတန်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးနွဲ့အောင်က “မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေက ၂၉၆ သိန်း၊ တမာတန်းရပ်ကွက်မှာ နေထိုင်ကြတဲ့ ပြည်သူများထည့်ဝင်ငွေက ၁၆၂ သိန်း စုစုပေါင်း ငွေကျပ် ၄၅၈ သိန်းနဲ့ လမ်းအရှည် ၁၀၅၀ ပေ၊ အကျယ်က ၁၈ ပေ၊ ထုက ၉ လက်မရှိပြီးတော့ လုပ်ငန်းတင်ဒါစနစ်နဲ့ KO MOE (MDY) Co.Ltd က တာဝန်ယူခင်းကျင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် အခြားငွေလုံးငွေရင်း ခေါင်းစဉ်အောက်မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုတမာတန်းလမ်းတွင် ချိုင့်ခွက်များ၊ ရွှံ့ဗွက်များဖြင့် မိုးတွင်းကာလ ရေဝပ်ခြင်းများကြောင့် ဆိုင်ကယ်များ၊ ကားများနှင့် လမ်းသွား/လမ်းလာများ သွားလာရေး လွယ်ကူချောမွေ့စေရန် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ လမ်းခင်းကျင်း ဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အရည်အသွေးကောင်းမွန်စေရေး၊ အချိန်မီပြီးစီးရေးတို့ကို တာဝန်ရှိသူများက အနီးကပ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)