မင်းဘူး ၃၀ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း မင်းဘူးမြို့ခရိုင် အားကစားကွင်းတွင် ယာယီပျံကျဈေးအဖြစ် ရောင်းချနေသော ဈေးသူ/ဈေးသား များအတွက် Mobile Operators များဖြစ်သော Ooredoo၊ Telenor ၊ Mytel ကုမ္မဏီများမှ ထီးအလက် ၆၀ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
“အခုဆိုရင် ခရိုင်အားကစားကွင်းထဲမှာ ဈေးရောင်းချနေတဲ့ အချို့ဈေးသည်များမှာ အရိပ်မရှိဘဲ ဈေးရောင်းချနေရတာကြောင့် ကျွန်တော်နဲ့ မင်းဘူးမြို့"Mon Mobile"ဆိုင်မှ ဦးထွန်းထွန်းတို့ ချိတ်ဆက်ပြီး Mobile Operators များဖြစ်တဲ့ Ooredoo ၊ Telenor ၊ Mytel ကုမ္မဏီများထံ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ကာ အကူအညီ ရယူပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဈေးသည်ဦးရေကလည်းများတော့ အားလုံးအတွက် လုံလောက်မှုမရရှိတာကြောင့် ထီး/အမိုးအကာ ရှိတဲ့သူများက အမိုးအကာ မရှိသူတဲ့များအတွက် မျှဝေသုံးဆွဲခြင်းစနစ်နဲ့ ကူညီကြပါဆိုပြီး မဲစနစ်နဲ့ ထီးမရှိတဲ့ဆိုင်များကို အလှူရှင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနဲ့ ပရဟိတအဖွဲ့များပူးပေါင်းပြီး ဖြန့်ဝေတပ်ဆင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ထီးများအလုံအလောက် ရရှိနိုင်ရေးအတွက် အလှူရှင်များ ရှာဖွေပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည် မှ ပြောသည်။
ထို့နောက် နေ့စဉ် ဈေးရောင်း/ဈေးဝယ်လာရောက်ကြသော မိဘပြည်သူများကိုလည်း နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်များတွင် လက်ဆေးစေခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးပြီးမှသာ ပျံကျဈေးဝန်းအတွင်း ဝင်ရောက်ခွင့် ပြုပေးထားပြီး သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


