မင်းဘူး ၁၆ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သို့ တရုတ်နိုင်ငံနယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူ ရခိုင်ဒေသခံနေရပ်ပြန် ပြည်သူ(၅၁)ဦးတို့သည် မင်းဘူးမြို့၊ အထက(၁) ကျောင်းသို့ ယမန်နေ့နံနက်ပိုင်းက ဆက်လက်ရောက်ရှိလာပြီး မိမိတို့နေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။
ရခိုင်ဒေသခံ နေရပ်ပြန်ပြည်သူ (၅၁) ဦးတို့သည် တရုတ်နိုင်ငံနယ်စပ်မြို့များတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ၎င်းမြို့များတစ်ဆင့် မူဆယ်၊ လားရှိုး၊ မန္တလေးမှတစ်ဆင့် မင်းဘူးမြို့သို့ ရောက်ရှိပြီး၊ အထက(၁)ကျောင်းဝန်းအတွင်း ခေတ္တယာယီထားရှိပြီး၊ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြည်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဉီးစိန်ထွန်းနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်လက်၍ မင်းဘူး-အမ်း-စစ်တွေ ကာလမ်းအတိုင်း ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ရခိုင်ဒေသခံနေရပ်ပြန် ပြည်သူစုစုပေါင်း (၁၆၂၁) ဦးတို့အား ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


