မင်းဘူးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မင်းဘူး၊ ၃၀ မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၉ နာရီက  မင်းဘူးမြို့ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ် မေ ၂၄ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုး၊ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်တို့က အခြေခံပညာ (အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း) ကျောင်းများအတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာနက ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (ပုံနှိပ်စာအုပ်)၊ ဗလာစာအုပ်၊ ဘော့စ်ပင်၊ ခဲတံ၊ Mask နှင့် Face Shield များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။

 

မင်းဘူး (စကု) မြို့နယ်အတွင်း၌ အခြေခံပညာ အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၂၅) ကျောင်း၊  အခြေခံပညာ အလယ်တန်းကျောင်း (၂၆) ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၀) ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၁၈) ကျောင်း၊ မူလတန်းကျောင်း (၅၈) ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ) (၃) ကျောင်း စုစုပေါင်း (၁၄၉) ကျောင်းရှိကြောင်း၊ အဆိုပါကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ စုစုပေါင်း ၂၉၀၀၀ ဦးရှိပြီး မေလ ၂၉ ရက်နေ့အထိ အပ်နှံပြီး ကျောင်းသားဦးရေ ၁၁၈၃၈ ဦး၊ အပ်နှံရန်ကျန် ကျောင်းသားဦးရေ ၁၇၁၆၂ ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုး၊ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)