မင်းဘူး ၁၈ နိုဝင်ဘာ
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (မကွေးတိုင်းဒေသကြီး) နှင့် မင်းဘူးခရိုင် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနား မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးသန်းအေး (စလင်းဘုန်းကျော်)၊ မကွေးတိုင်းဒေသကြီး၊ ပြန်/ ဆက်ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးညွန့်နိုင်၊ မကွေးတိုင်းဒေသကြီး ပညာရေးမှူး ဦးအောင်မြင့်၊ မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ တို့မှ သတ်မှတ်နေရာအသီးသီးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဒုတိယပိုင်း အခမ်းအနားကို ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း ဘက်စုံခန်းမတွင် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် စလင်းဘုန်းကျော်မှ အခြေခံပညာ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်စာပေများ လက်လှမ်းမီစေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတတ်လာစေရန်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မကွေးတိုင်း ဒေသကြီးပညာရေးမှူး ဦးအောင်မြင့်မှ ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
"ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး ပွဲဆောင်ရွက်တဲ့အတွက် ကလေးတွေအနေနဲ့ စာဖတ်စွမ်းရည် မြင့်တက်လာမယ်၊ ပုံပြောပြိုင်ပွဲတွေ ထည့်သွင်းထားသည့်အတွက် စကားပြောစွမ်းရည်တွေ တိုးတက်လာပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေမှာ ဖြစ်ပါတယ်" ဟု ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်ရှိန်ထံမှ သိရသည်။
ထို့နောက် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ မူလတန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းသား/ ကျောင်းသူ (၃၀) ဦးတို့မှ မြန်မာစာစာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း (မကွေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးကျော်စိန်ဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း (မကွေးတိုင်းဒေသကြီး) မှ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း စာကြည့်တိုက်၊ စလင်းမြို့နယ်၊ ထနောင်းကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း စာကြည့်တိုက်၊ ငဖဲမြို့နယ် သာယာကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း စာကြည့်တိုက်နှင့် မကွေးမြို့၊ ဗုဒ္ဓဂုဏ်ရည် စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မျိုးမြတ်(မင်းဘူး)