မင်းဘူး ဇွန် ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်လာသော်လည်း လှိုင်လှိုင်ရောင်းချနေရကြောင်း မင်းဘူးမြို့ ကြက်သွန်နီ ပွဲစားများထံမှ သိရသည်။

“ကျွန်တော်တို့ မင်းဘူးပွဲရုံကို လာရောင်းတဲ့ တောင်သူတွေဆိုယခင်က ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀၀/၃၀၀ ဝန်းကျင်ရောင်းရပေမဲ့ ယခု ကြက်သွန်နီဈေး ပြန်တက်လာပြီး တစ်ပိဿာကို လက်လီဈေး ၁၉၀၀/၂၀၀၀ နဲ့ ပွဲရုံဝယ်ဈေး ၁၇၀၀/၁၈၀၀ ကျပ်ဆိုတော့ တောင်သူတွေအနေနဲ့ အဆင်ပြေလာတာပေါ့ဗျာ” ဟု ကြက်သွန်နီအဝယ်တော် ဦးထွန်းကပြောသည်။ လက်ရှိကြက်သွန်နီ ဈေးကွက်မှာ တောင်သူတွေထဲက   လှောင်ထားတဲ့ တောင်သူများသာ ရောင်းချကြတဲ့အတွက် ကြက်သွန်နီများ ရှားပါးချိန် ရောက်လာသည်ဟု ဆိုနိုင်သည်။

မင်းဘူးမြို့ ကြက်သွန်နီဈေးကွက်မှာ ငွေဖလားရှယ်ကြီး လက်လီတစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ လက်ကားတစ်ပိဿာ  ၁၈၀၀ ကျပ်သာ ရောင်းရပါတယ်။ အရင်နှစ်က ကြက်သွန်နီဈေး တစ်ပိဿာကို ကျပ် ၁၇၀၀/၁၈၀၀ ဈေးအထိရှိခဲ့ပြီး ယခုမှ ဝယ်လိုအားကောင်းပြီး ဈေးများပြန်တက်လာကာ ယခင်နှစ်ဈေးအတိုင်း ပြန်ရကြသည်ဟု ကြက်သွန်လုပ်ငန်းရှင်များက ဆိုကြသည်။ ယခု မေ၊ ဇွန်လများတွင် ကြက်သွန်နီဈေး ပြန်တက်လာပြီး ပွဲရုံဈေး ၁၆၀၀/၁၇၀၀ ဖြင့် လှိုင်လှိုင်ရောင်းချနေရကြောင်း ကြက်သွန်လုပ်ငန်းရှင် ဦးသာပေါက ပြောသည်။ 

ကြက်သွန်နီဈေး ပြန်တက်လာသော်လည်း မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီကားများ ပုံမှန်ဝင်ရောက်လျက်ရှိကာ တစ်နေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၃၀၀၀၀ ခန့်ပုံမှန် လာရောက်ရောင်းချလျက်ရှိကြောင်း အမှတ် (၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ပြောက ပြောသည်။

ဇေယျာထက်(မင်းဘူး)