မင်းဘူး  ၁  အောက်တိုဘာ 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး အတွက် အမှတ်(၃) စက်ဝိုင်းရပ်ကွက်တွင် အရှည်ပေ ၁၆၀၀ အား အကျယ် ၅ ပေခွဲ၊ အနက် ၃ ပေခွဲ ကျောက်ရိုးစီရေနုတ်မြောင်း တူးဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။ 

 

မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက် စက်ဝိုင်းရပ်ရှိ ရပ်ကွက်နေပြည်သူများ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပွား စေရန်နှင့် လမ်းမများပေါ်တွင် ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထွေထွေပိုလျှံရန်ပုံငွေ(GRF) ၇၀၁ သိန်း ခွင့်ပြုချထားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဩဂုတ် ၁၄ ရက်မှစတင်ပြီး ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်သည်။ 

 

အဆိုပါ ရေနုတ်မြောင်းသည် ပင်မမြောင်းမကြီးဖြစ်သည့်အတွက် လက်ရှိတွင် မြောင်းတိမ်ကောနေခြင်းကြောင့် မိုးတွင်းကာလများတွင် ရပ်ကွက်တွင်းရှိ လူနေအိမ်များအတွင်း ရေဝင်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ရပ်ကွက်နေပြည်သူများအနေဖြင့် သွားလာရေးခက်ခဲခြင်း၊ ကျန်းမာရေးဆိုးကျိုးများ ထိခိုက်စေခြင်း ဖြစ်ပေါ်လာနိုင် သဖြင့် တူးဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )