မင်းဘူး ၃၁ ဇန်နဝါရီ        

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက်ဌာနများ၊ ကျောင်းသား/သူများနှင့် ပူးပေါင်းကာ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က မင်းဘူးခရိုင်အတွင်း သိမ်းဆည်းရမိသော သက်တမ်းလွန် စားသောက်ကုန်များကို မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

“မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်များရှိ ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများကို တစ်လတစ်ကြိမ် ကျွန်မတို့ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်၊ စစ်ဆေးတဲ့အခါမှာ စားသုံးရန်မသင့်တဲ့ သက်တမ်းလွန်စားသောက်ကုန်များနှင့် FDA မှ တားမြစ်ထားသော စားသောက်ကုန်များကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း သိမ်းဆည်းရမိခဲ့သော သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းအမျိုးအစား (၈၁)မျိုး၊ အရေအတွက် (၄၁၅)ခု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀ဝ၆၀ဝ အား မြေမြှုပ်ဖျက်ဆီး ဆောင်ရွက်ခဲ့ပါတယ်” ဟု မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်စုစုထွန်းက ပြောသည်။

 

သိမ်းဆည်းရမိသေ ာသက်တမ်းလွန် စားသောက်ကုန်များကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးမိုး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စုစုထွန်း၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ကျောင်းသား/ သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ စုပေါင်း၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)    

 

11