မင်းဘူး မတ် ၂၆

 

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မင်းဘူး - စလင်း-တညောင် - ဆိပ်ဖြူ လမ်းပိုင်းရှိ မင်းဘူးမြို့ တွင်းလမ်း နိုင်လွန်ကတ္တရာကွန်ကရစ်(AC) လမ်းဖွင့်ပွဲအခမ်းအနားကို ယမန် နေ့က ကျင်းပသည်။

 

ဦးစွာ အခမ်းအနားတွင် မင်းဘူး -စလင်း- တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်း လမ်းဖွင့်ပွဲမုခ်ဦးကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစံမင်း အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး က မင်းဘူး-စလင်း-တညောင် - ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်း လမ်းပိုင်းကို လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၁၁) နှင့် မင်းဘူး - မကွေးလမ်းပိုင်း တစ်လျှောက်ကို မင်းဘူးခရိုင် လမ်းဦးစီးဌာနတို့က တာဝန်ယူ၍ လမ်းပိုင်းဆိုင်ရာလုပ်ငန်းများကို အဆင့် မြှင့်တင်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။

 

မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်း၌ မင်းဘူးမြို့ဧရိယာရှိ အဓိကမူလကတ္တရာလမ်းကို တုတ်ချောင်း တံတားထိပ်မှ မြောက်လှည်းကောက် အဝိုင်းပတ်အကျော်အထိ အရှည် တစ်မိုင် တစ်ဖာလုံကို လမ်းအကျယ် ပေ ၃၀ မှ ၄၈ ပေ အကျယ်တိုးချဲ့၍ နိုင်လွန်ကတ္တရာကွန်ကရစ်(AC) လမ်းအဖြစ် အဆင့် မြှင့်တင်ပြီး မြို့တွင်းအင်္ဂါရပ်နှင့်အညီ ကွန်ကရစ်လမ်း ပခုံး၊ အုတ်စီရေမြောင်း၊ ကွန်ကရစ်ရေမြောင်းအဖုံး နှင့်တွဲလျက်အပြင် လူသွားပလက်ဖောင်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၄၅၈၇ ဒသမ ၃၁ ကျပ် သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ တာဝန်ယူ၍ ၂၀၂၄ ခုနှစ် မေလမှစတင်ပြီး အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ကြောင်း၊ အလားတူ မင်းဘူး-မကွေးလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၀/၅ မိုင်မှ ၁/၇) မိုင် အတွင်း၌ အန္တရာယ်မျက်ကွယ်ကွေ့ သုံးနေရာကိုဖြတ်ထုတ်၍ လမ်းချဲ့ကာ နှစ်လမ်းသွား ၂၄ ပေအကျယ် ကတ္တရာ လမ်းသစ်ခင်းခြင်း၊ လမ်းတာပေါင် ကျဉ်းသောနေရာများကို မြေထိန်းနံရံတည်ဆောက်ပြီး Guard Rail တပ်ဆင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်း၍ ကွန်ကရစ်လမ်းပခုံး တည်ဆောက်ခြင်းလုပ်ငန်းများအားလုံးကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၅၄၃ ဒသမ ၀၁ ကျပ်သန်းတို့ဖြင့် မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ၍ အဆင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)