မင်းဘူးတွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာဖွင့်ပွဲ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် 

မင်းဘူး ၅ ဇန်နဝါရီ        

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်ပွဲကို မင်းဘူးမြို့၊ အမှတ်(၄)နယ်မြေ၊ တမာတန်းရပ်ကွက်တွင် ဇန်နဝါရီ ၄ ရက်နေ့ နံနက် (၈) နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

 

ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရိန်တို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် နိုင်ငံ့ဝန်ထမ်း အိမ်ရာဝန်းအတွင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

 

06.

 

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဧည့်ခန်းမတွင် ကျင်းပပြုလုပ်သဖြင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကားပြောကြားရာ “နိုင်ငံဝန်ထမ်းများနှင့် အများပြည်သူတို့ နေထိုင်မှု အဆင့်အတန်းမြင့်မားတိုးတက်လာစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝန်ထမ်းများနှင့် အများပြည်သူတို့အတွက် တန်းဖိုးနည်း၊ တန်ဖိုးလတ်၊ တန်ဖိုးမြင့် အရောင်းအိမ်ရာများအပြင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတို့ကို စဉ်ဆက်မပြတ် နှစ်စဉ်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိပါတယ်၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးမြို့၊ ကမ်းနားလမ်း၊ အငှားအိမ်ယာစီမံကိန်းမှာ (၈) ခန်းတွဲ (၅)ထပ် အဆောင်အဦ(၃) လုံး၊ အခန်းပေါင်း (၁၂၀) အားတည်ဆောက် ပေးနိုင်ခဲ့ပြီး၊ နေထိုင်ရေး အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာချထားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မကွေး၊ ရေနံချောင်း၊ ချောက်နှင့် တောင်တွင်းကြီး မြို့နယ်တို့တွင် အခန်းပေါင်း (၄၆) ခန်းစီပါဝင်သည့် (၈) ခန်းတွဲ၊ (၆) ထပ် ဝန်ထမ်းအိမ်ရာ (၄) လုံးကို တည်ဆောက်ပြီး နေအိမ်အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာချထားပေးနိုင်တော့မှာ ဖြစ်ပါတယ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာထပ်မံ၍ အစိုးရအဖွဲ့ အခွန်ပိုလျှံ ရန်ပုံငွေကျပ်သန်း (၁၈၀၀)  မတည်ခဲ့ပြီး လိုအပ်သည့်ငွေကို ၂၀၁၈ခုနှစ် မီနီဘတ်ဂျက်မှာ ထည့်သွင်းတောင်းခံခဲ့ရာ အခန်းပေါင်း (၄၇) ခန်းပါဝင်သည့် (၈) ခန်းတွဲ (၆)ထပ် ဝန်ထမ်းအိမ်ရာ (၃) လုံးကို ပခုက္ကမြို့၊ မင်းဘူးမြို့နှင့် သရက်မြို့တို့တွင် တည်ဆောက် အကောင်အထည်ဖော်ပေးနိုင်ခဲ့ရာ ယခုအခါ မင်းဘူးမြို့မှာ တည်ဆောက်သည့် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အခန်းပေါင်း (၄၇) ခန်းအား ဝန်ထမ်းများကို နေရာချထားနိုင်တော့မှာဖြစ်သလို မကြာခင်မှာလည်း ပခုက္ကူမြို့နှင့် သရက်တို့မှာလည်း နေရာချထားပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု အမှာစကား ပြောကြားခဲ့သည်။

 

03

 

ထို့နောက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရိန်က အဆောက်အဦနှင့် သက်ဆိုင်သော အချက်အလက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ အဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့သည်။

 

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာသည် မင်းဘူးမြို့၊ အမှတ်(၄) နယ်မြေ၊ တမာတန်းရပ်ကွက်၊ မင်းဘူး- အမ်းလမ်းတွင် တည်ရှိပြီး မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုဘဏ္ဍာငွေကျပ် (၉၄၀ ဒသမ ၅၀၀) သန်းဖြင့် (၈) ခန်းတွဲ (၆)ထပ် (၁၀၀’. ၆”×၁၀၀’. ၆”)အကျယ်ရှိ (RC) အဆောက်အဦကို Royal International Engineering & Construction Co.,Ltd မှ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။     

မျိုးမြတ်(မင်းဘူး)

 

08