ရန်ကုန် မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြင်စိုင်းမြို့ဟောင်းအနီးတွင် တည်ရှိသည့် ဒေသခံက တောင်ကျွန်းဟုခေါ်သော ဝါစေ့တောင်၌ ယခင်က မွန်ဂိုများကို တိုက်ခိုက်စဉ် အသုံးပြုခဲ့သည်ဟု ယူဆရမည့် ကျောက်လိုဏ်ဂူများ ရှိနေကြောင်း သိရသည်။
လိုဏ်ဂူအချို့သာ လူဝင်၍ရသော အနေအထားရှိ၍ ကျန်လိုဏ်ဂူများမှာ ပြိုကျခြင်း၊ ဝင်ပေါက်ပိတ်ဆို့ခြင်းများ ဖြစ်နေကြောင်း အဆိုပါ လိုဏ်ဂူများ အကြောင်းကို လူမှုကွန်ရက်စာမျက်နှာတွင်တင်ခဲ့သူ ဒေသခံတစ်ဦးဖြစ်သည့် ကိုအေးမင်း ထံက သိရသည်။
မြင်စိုင်းဒေသတွင် ရှေးလက်ရာ စေတီပုထိုးများ၊ ဘုရား၊ ကျောင်းကန်များ ရှိနေဆဲ ဖြစ်ကာ အဆိုပါ ဒေသသည် မွန်ဂိုတို့ကို ဥမင်တူးကာ ခုခံခဲ့သည်ဟု ကျော်ကြားသည့် နေရာဖြစ်ပြီး ရွှေဥမင်တောင်တန်းရှိ ရွှေဥမင်ဂူနှင့် စိတ္တဂုတ်ဂူအတွင်း၌ မြင်စိုင်းခေတ်လက်ရာ နံရံဆေးပန်းချီများ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
“မြို့ရိုး နန်းတော်ရာလို့ ယူဆတဲ့ နေရာက အခုကုလားကျောင်းဆိုတဲ့ ရွာ ဖြစ်နေတယ်။ အဲ့ဒီရွာတစ်ရွာလုံးက မြို့ရိုးကြီးထဲမှာပဲ ရှိတယ်။ မြို့ရိုးနေရာက သမိုင်းပညာရှင်တွေ ပြောပြတာက တောင်မတ်မတ်တွေကြောင့် သဘာဝခံတပ်ကြီးလို ဖြစ်နေတာပေါ့။ အဲ့ဒီတောင်က ကုလားကျောင်းရွာ အရှေ့ဘက်ပါ။ တောင်မှာ လိုဏ်ဂူတွေ တူးထားတာ။ ဝင်ပေါက်တွေက ကျဉ်းကျဉ်းလေးတွေ ။ ဒါပေမယ့် အထဲကို ဝင်သွားပြီ ဆိုရင် ဂူတွေက ကျယ်တယ်။ လူတွေကလည်း ဝင်ကြတယ်။ အရင်တုန်းကလည်း လာတူးကြတယ်လို့ ပြောဖူးတယ်။ အရင်တုန်းက ကျွန်တော်တို့ မမွေးခင်ကပေါ့။ ဂူတွေ ပြိုကုန်တာလည်း ရှိတယ်။ စုစုပေါင်းကို ကျွန်တော်သိသလောက် လိုဏ်ဂူ အလုံး ၂၀ လောက် ရှိတယ်။ တချို့ဂူဆို အဲ့ဒီဂူ အပေါ်ကို ရောက်နေပေမယ့် အဲ့ဒီ ဂူကို မမြင်ရဘူး။ နယ်ခံတွေတောင် မျက်စိလည်နေတာ။ အတွင်းထဲမှာ အကျယ်ကြီး ဖြစ်သွားတာ။ မြွေအကြီးကြီးတွေလည်းရှိတော့ အရင်က မဝင်ရဲဘူး။ အခု ဝါစေ့တောင်မှာရှိတဲ့ ဂူတော်တော်များများက ပြိုကျကုန်တယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပြိုကျရသည့် အကြောင်းအရင်း များစွာထဲတွင် ကျောက်မိုင်းခွဲခဲ့ခြင်းကြောင့်လည်း ပါဝင်ကာ ရာသီဥတု အခြေအနေကြောင့်လည်း ဖြစ်ကြောင်း လည်း ၎င်း၏ ရေးသားထားမှုအရ သိရသည်။
“လူဝင်လို့ ရတာက ဆယ်ခုမှာတောင် လွတ်လွတ်လပ်လပ် ဝင်လို့ ရတာက လိုဏ်ဂူက သုံးဂူ လောက်ပဲ ရှိတယ်။ ခါးလေးကုန်းပြီးဝင်ရတာ။ တခြားဂူတွေက ဝမ်းလျားမှောက်ပြီး ဝင်ရတာလည်း ရှိတယ်။ အမိုးလိုက်ကြီး ပြိုကျတဲ့ ဂူတွေလည်း ရှိတယ်။ တောင်ရဲ့ အရှေ့ဆုံး အဖျားလေးမှာ ညာဘက်ခြမ်းက ဂူမှာ ရေးရေးလေးပဲ ရှိတဲ့ ကနုတ်ပန်းတွေနံရံမှာ ရေးထားတာလည်း တွေ့တယ်” ဟု ကိုအေးမင်းက ဆိုသည်။
Htet Oo Maung