ရန်ကုန် ၅ သြဂုတ်

 

မအေးအေးဝင်း စီစဉ်ပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် `` မင်္ဂလာ ခုတင် ´´ ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ ၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး သြဂုတ် ၁၀ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ဇာတ်ကား ကို ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) က ရိုက်ကူးထားခြင်းဖြစ်ပြီး မိန်းမပျိုတစ်ဦး အား အပြိုင်အဆိုင် လိုက်လံပိုးပမ်းပြီး အနိုင်ရရှိသူ အနေဖြင့် မင်္ဂလာဦး တွင် ခုတင်တစ်လုံးကြောင့် အလွဲလွဲ အချော်ချော်ဖြစ်ခဲ့ပုံ၊ အပြိုင် ပိုးပမ်းခဲ့သူတို့ နှစ်ဦး အပြန်အလှန် ဒုက္ခပေးပုံ၊ ကပ်စေနည်းသည့်အတွက်ကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးတွင် အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရပုံတို့ကို ဟာသအမြင်ဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

 

ယင်း ရုပ်ရှင်ဇာတ်ကားတွင် မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ဝတ်မှုံရွှေရည်၊ ခင်ဇာခြည်ကျော်၊ ခင်လှိုင်၊ ကိုပေါက် နှင့် အခြားသော အနုပညာရှင်များစွာပါဝင် ပုံဖော်ထားသော ရယ်ရွှင်ဖွယ်ရာ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်းသိရသည်။

 

သရုပ်ဆောင် ခင်ဇာခြည်ကျော် က `` ဒီကားထဲမှာတော့ ဝတ်မှုံရွှေရည်ရဲ့အမေ နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သားမက်နှစ်ယောက် က ကိုယ်သမီးကို နည်းမျိုးစုံနဲ့ အိမ်မှာလာရောက်ပြီး ပိုးတဲ့ အခါကျတော့ ကိုယ်လည်း မင်းသားနှစ်ယောက်လုံးနဲ့ စုံတာပေါ့။ အမှတ်တရ အနေနဲ့ဆိုရင် ည ၁၂ နာရီလောက်ကြီး သမီးဖြစ်တဲ့သူကို မေ့ဆေးအုပ်ပြီးတော့ ခိုးရာခေါ်သွားတဲ့ အခန်းမှာ အစ်မက ထွက်လာပြီးတော့ ဘာဖြစ်တာလဲ လို့မေးတော့ အဒေါ့် သမီးခိုးသွားပြီးလို့ ပြောတဲ့အခန်းမှာ ဆိုရင် သမီးဇောနဲ့ ပြေးလိုက်တဲ့အခန်းက အရမ်းရယ်ရတယ်။ မင်္ဂလာဦး စုံတွဲတွေ မှန်သမျှ မင်္ဂလာ ခုတင်ဆိုတာ အရေးတကြီးနဲ့ ထားကြတယ်။ အိမ်ထောင်ဦးတိုင်းမှာ မင်္ဂလာခုတင်ဆိုတာ အရေးကြီးဆုံးပဲလေ။ အဲဒီလို အရေးကြီးတဲ့ အရာကို ဟာသလေးတွေနဲ့ ရောပြီးတင်ပြထားတာပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့် ပရိတ်သတ်တွေရဲ့ မောနေတဲ့ ဘဝ အမောတွေကို ခဏတော့ ပြောပျောက်သွားလိမ့်မယ်လို့ထင်ပါတယ်။ ဒီကားလေး ကတော့ ကလိထိုးပြီး ရီရတဲ့ သဘာဝအလျှောက်ရယ်ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်သတ် အနေနဲ့လာရောက်ပြီး အားပေးကြပါ´´ဟုပြောသည်။

 

သရုပ်ဆောင် ခင်လှိုင် က ``ဒီကားထဲကနာမည်ကတော့ ပေါက်စီပါ။ မြင့်မြတ်နဲ့ မတည့်တဲ့ ဆိုက်ကပေါ့။ ကျွန်တော်ပါဝင်တဲ့ အခန်းလေးကတော့ တစ်ကားလုံးနဲ့ ယှဉ်ရင် နည်းနည်းလေးတော့ နည်းပါတယ်။ ဒါပေမယ့် ပါတဲ့ အခန်းတိုင်းမှာ ရယ်သံလေးတွေ ပြန်ကြားနေရပါတယ်။ အမှတ်တရအနေနဲ့ ကတော့ နွားနို့ပို့တဲ့ အခန်းမှာ ဆိုရင် နွားနို့ပုံး တင်ပြီး စက်ဘီး စီးနေကြ မဟုတ်တော့ နှစ်ဘက် ဝိတ်မညီဘူး။ လမ်းတွေကလည်း လယ်ကွင်းထဲမှာဆိုတော့ တော်တော် အဆင်မပြေဘူး။ ဘရိတ်ကလည်း မမိတော့ တော်တော် သတိထားပြီး နင်းခဲ့ရတယ်။ မြင့်မြတ်ကို ကြိုက်တယ် ။ တော်တော်ရယ်ရတယ်။ ဘာလေးပဲ လုပ်လုပ် သူက ဇာတ်ပေါ်မှာစီးမျောနိုင်တယ်။ တစ်ခန်းနဲ့ တစ်ခန်း အချိန်း အပြောင်းလေးတွေ မှာဆိုရင်လည်း ရှေ့က အခန်းလေးတွေကို ပြန်ခေါ်လာတော့ ရယ်နေရတယ်။ ပုလင်းနဲ့ခေါင်းကို ရိုက်ပြီး မူးတဲ့ အိုက်တင်ဆိုရင် ကျွန်တော်တို့ ဟာသ သမားတွေလည်း တော်တော်များများလုပ်ပြပါတယ်။ ဒါပေမယ့် သူလုပ်တာ က တစ်မျိုးလေး ချစ်စရာကောင်းပါတယ်။ နောက်ထပ် သီချင်းထဲမှာ ကတဲ့ အခန်းလေး ကြိုက်တယ်။ သူရဲ့ အခန်းတွေက အကုန်လုံးရယ်ရပါတယ်။ ဒီကား ကတော့ အရမ်းကပ်စေးနည်းတဲ့ အခါကျရင် အလွဲလွဲ အချော်ချော်တွေ ဖြစ်တက်တယ်ဆိုတာ ပရိတ်သတ်ကို Messages ပေးတာပါတယ်။ အရမ်းကပ်စေးနည်းတဲ့ အတွက် အိမ်ထောင်ရေးမှာပါ ထိခိုက်တယ်ဆိုတာမျိုးပါ။ အဓိကကတော့ ဟာသ အနေနဲ့ ပရိတ်သတ်တွေရယ် စရာအဖြစ် သဘောကျသွားအောင် ၊ စိတ်အပန်းဖြေစရာ ဖြစ်သွားအောင်လုပ်နိုင်ရင် ဟာသကားကောင်းပါပဲ။ ဒီကားလေးက နယ်မှာရိုက်တာဆိုတော့ တည်နေရာနဲ့ ရှုခင်းတွေလည်းလှတယ်။ ပရိတ်သတ်တွေ သဘောကျမယ့် ကားတစ်ကားပါ´´ ဟုပြောသည်။

 

စီစဉ်သူ ဒေါ်အေးအေးဝင်း က ``ဟာသကားလည်းရိုက်ချင်တယ်။ မင်္ဂလာ ခုတင် ဝတ္ထုကိုဖတ်လိုက်တော့ ကြိုက်လို့ ရိုက်ဖြစ်သွားတာပါ။ ဟာသဆိုတော့ မြင့်မြတ်နဲ့ လိုက်ဖက်တယ်။ ဒါကြောင့်မြင့်မြတ်ကို ရွေးချယ်လိုက်တာပါ။ မင်းသမီးကိုလည်း အဲ့ဒီလိုပဲရွေးချယ်ခဲ့တာပါ။ ပြင်ဦးလွင်မှာ သွားရိုက်ခဲ့တာပါ။ အခက်အခဲတော့ အများကြီးမရှိခဲ့ပါဘူး။ အချိန်အားဖြင့် ကြိုတင်စီစဉ်တုန်း ကနည်းနည်းကြာခဲ့တယ်။ ရိုက်ကူးတာကတော့ ရက် ၂၀ လောက်ပဲကြာပါတယ်။ သရုပ်ဆောင်ရွေးချယ်မှု အပိုင်းကိုတော့ ဒါရိုက်တာနဲ့ ပဲတိုင်ပင်ပြီး ရွေးချယ်ခဲ့တာပါ။ အဓိကကတော့ ပရိတ်သတ်ကို ပျော်စေချင်တယ်။ ဟာသဆိုတော့ ပရိတ်သတ်ကိုပဲ ဦးတည်ပြီးတော့ ရိုက်ထားတာပါ။ စကားလုံးတွေ၊ ဇာတ်ညွှန်းတွေက အစ ဒါရိုက်တာနဲ့ ညှိပြီးတော့ တိုင်ပင်ပြီးတော့ ရိုက်ခဲ့တာပါ´´ ဟုပြောသည်။

 

သရုပ်ဆောင် ချစ်လူလူ က`` ဒီကားထဲမှာတော့ မြင့်မြတ်နဲ့ သူငယ်ချင်းပါ။ သူဖြစ်ချင်တဲ့ အရာတွေကို ကျွန်တော်တို့ က အကြံဉာဏ်တွေပေးတယ်၊ ဟုတ်တာတွေကော၊ မဟုတ်တာတွေကော အကြံတွေပေး၇င်းနဲပ တလွဲတွေဖြစ်သွားတဲ့ ဇာတ်ရုပ်ပါ။ ဒီဇာတ်ကားလေး ဟာ ပရိတ်သတ်ရင်ထဲကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ခြင်းအပြည့် ယူဆောင်လာမယ့် ဟာသ ကားလေးပါ။ အဓိကကတော့ မြင့်မြတ်တစ်ယောက် ခုတင်တစ်လုံးနဲ့ တိုင်ပတ်နေတာမျိုးပါ။ မင်းသမီးကိုပိုးတာ သူရသွားတယ်။ ပြီးတော့ ခုတင်တစ်လုံးနဲ့ တိုင်ပတ်နေတဲ့ အလွဲတွေပါ။ အရမ်းရိုးရှင်းတဲ့ အကြောင်းအရာလေးတွေကို လတ်ဆတ်တဲ့ သဘာဝ အရသာလေးတွေ ပေးထားတဲ့ ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားမှာ ကျွန်တော် သဘောအကျဆုံးကတော့ မြင့်မြတ် မိန်းမလိုချင်တဲ့ အက အိုက်တင်လေးပါ။ သူဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးကို အက လေးနဲ့ဖော်ပြသွားတာပါ။ အဲဒီ ထိရောက်တဲ့ အကလေးကိုတော့ ပရိတ်သတ်ကြီးအနေနဲ့ ရုံထဲလာကြည့်မှပဲခံ စားရမှာပါ။ မြင့်မြတ်နဲ့ တွဲရိုက်ရတာ တော်တော်အဆင်ပြေပါတယ်။ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ သူနဲ့အလုပ်လုပ်ရတာ တကယ့်ကို မိသားစုလို သူငယ်ချင်းလိုပါပဲ။ ပရိတ်သတ်ကြီးအနေနဲ့ ဒီကားလေးကို လာရောက်ကြည့်ရှုစေချင်ပါတယ်´´ ဟုပြောသည်။

 

ဇာတ်ညွှန်း ရွှန်းမီမီထက် က `` အရင်တုန်းက လိုင်းပေါ်မှာ သရော်စာတွေရေးတာပါ။ လပ်ကီးဆဲဗင်း က မအေးအေးဝင်း တို့က ဇာတ်ညွှန်းလေးရေးကြည့်ပါ့လားလို့လာပြောတော့ အဲ့ဒီကနေ စတင်ပြီးဝင်ခဲ့တာပါ။ ဇာတ်ညွှန်းပညာကို ကိုလည်း သူတို့ဆီကနေသင်ပြီးတော့ မှစတင်ပြီးရေးဖြစ်ခဲ့တာပါ။ ညီမ အနေနဲ့ ဒီဇာတ်ကား မှာ ပထမဆုံး စတင်ပြီးဇာတ်ညွှန်းရေးတာပါ။ ဒီဇာတ်ကားလေး ကတော့ ပေါ့ပေါ့ပါးပါး အချစ်ဟာသ ကားလေး အနေနဲ့ ကြည့်တဲ့သူ ပျော်သွားအောင်လုပ်ထားတဲ့ သဘောပါ။ ဇာတ်လမ်းသဘောကတော့ မင်းသမီးကို မင်းသားနှစ်လက် ကပြိုင်ပြီးတော့ ပိုးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဒုကခပေးတာမျိုးလေးတွေနဲ့ မပျင်းရအောင် လုပ်ပေးထားတာမျိုးပါ။ အဓိကကတော့ ကိုရွှေတောသားရဲ့ ဇာတ်လမ်းပါ။ သူ့ဇာတ်ကတော့ တိုတိုလေးပါ။ မင်္ဂလာ ခုတင် ဝယ်လိုက် အဆင်မပြေဖြစ်လိုက် ဇာတ်လမ်းကို ဇာတ်အိမ်ချဲ့ပြီးရေးထားတာပါ။ မနက်ပိုင်းကမှ လိုင်းပေါ်မှာတွေ့လိုက်ရတယ်။ ပရိတ်သတ်အနေနဲ့ မင်္ဂလာ ခုတင်ဆိုတော့ ညစ်ညမ်းတဲ့ စကားလုံးမျိုးတွေ ပါနေတယ်လို့ ထင်နေကြတယ်။ အဲဒီလိုမျိုးတွေ စကားလုံးတွေမပါပါဘူး။ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းနဲ့ အားလုံးပျော်ရအောင် ရေးပေးထားပါတယ်´´ဟုပြောသည်။

 

ဇာတ်လမ်း အကျဉ်းအနေဖြင့် ဘုန်းကြီးကျောင်းတွင် ကထိန်ပွဲကျင်းပရာ ဒိုးပတ်နှစ်ဖွဲ့ပြိုင်ပြီး ချစ်ခင်နှင့်ပေတိုးတို့ ရန်ဖြစ်ရာ ဘုန်းကြီးကြိမ်လုံးနှင့် ထွက်ဆော်မှ ရန်ပွဲရပ်သွားသည်။ ဦးဘပြူးက သားဖြစ်သူ ချစ်ခင် မိန်းမတစ်ယောက်ကြောင့် ကထိန်ပွဲမှာ ရန်ဖြစ်ကာ အရှက်ရကြောင်း ဆူသဖြင့် ဒေါ်ရွှေနွယ်မှ ကာဆီးဆီးဝင်လုပ်လေသည်။ ထိုအချိန် ပေါက်စီရောက်လာပြီး နွားနို့ရောင်းရာ ရေရောထားတဲ့ နွားနို့သောက်ရတာမတန်ကြောင်း၊ တစ်ဝက်ဖိုးဘဲ ပေးချင်ကြောင်းပြောရာပေါက်စီက သူနွားနို့ကောင်းကြောင်း၊ရေတစက်မှ မရောဖူးကြောင်း ပြန်ပြောရာ ဦးဘပြူးကသက်တူရွယ်တူ ပေါက်စီနှင့်ယှဉ်ပြီး ချစ်ခင်ကို ထပ်ဆူလေသည်။ ထို့နောက် ပေါက်စီ က ပေတိုးအိမ်ဝင်ပြီး ပေတိုးအနေနှင့် မေဖြူကို ရည်းစားစကားပြောသင့်ကြောင်း ချစ်ခင်ဆိုသည့် ကောင်ကိုကြည့် မရကြောင်း ပေါက်စီမှ ပြောလေသည်။

 

ချစ်ခင်ချောင်းဆိုးနေသဖြင့် သာဗျောက ချစ်ခင်အနေဖြင့် ဆေးပေးမီးယူလိုကြောင်း၊ ကြီးလာမှ ဂီလာနဖြစ်ရင် ပြုစုမယ့်သူမရှိကြောင်းပြောရာ ချစ်ခင်က မိန်းမတော့ယူချင်ကြောင်း၊ နှစ်ယောက်စာကို တွက်ချက်နေရကြောင်း ပြန်ပြောသဖြင့် သာဗျောစိတ်ပျက်ပြီး ဆေးခန်းသွားပြဖို့ တိုက်တွန်းလေသည်။ချစ်ခင်က ဘာမဟုတ်တာလေးနဲ့ ပိုက်ဆံအကုန်မခံနိုင်ကြောင်း ၊တပည့်ဖြစ်သူ ပေစိကို ခွေးသေးပန်းရွက် ခူးခိုင်းထားကြောင်းပြောလေသည်။ 

 

ဒါ်ဝင်းက ချစ်ခင်ကို အိမ်ထောင်ဘက်အဖြစ် စဉ်းစားသင်းကြောင်း ပြောရာ မေဖြူမှ ခါးခါးသီးသီးငြင်းလေသည်။ ပေတိုးနဲ့ခွေးပုဒေါ်ဝင်းတို့အိမ်သွားပြီး မြို့က ပါတိတ်နှစ်စုံအဆင်လှတာနဲ့ ဒေါ်ဝင်းတို့ သားအမိအတွက် ဝယ်ခဲ့ကြောင်း မျက်နှာလိုအားရ လုပ်လေသည်။ ပေတိုးက မေဖြူလည်

 

အရွယ်ရောက်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် ကပ်စေးနဲတဲ့ကောင်မျိုးတွေ ဝေးဝေးကရှောင်သင့်ကြောင်း၊ မရခင်သာတစ်မျိုူး ရပြီးရင် ထမင်းတောင် နပ်မမှန်ဘဲ ဆန်ပြုတ်ချည်းသောက်နေ ရမယ်ဖြစ်ကြောင်းနှင့် သုံးစွဲချင်ရင်တောင် သားအမိနှစ်ယောက်လုံး ရိုက်နှက်ခံရကြောင်း ပြောသဖြင့် ဒေါ်ဝင်းက ထောက်ခံလေသည်။

 

 

တစ်နေ့မေဖြူတစ်ယောက်တည်း ဘုန်းကြီးကျောင်းဆွမ်းပို့ပြီး ပြန်လာချိန်တွင် ချစ်ခင်တို့နဲ့တွေ့ရာပေစိက အခွင့်အရေးရတုန်း ရည်းစားစကားပြောဖို့ မြှောက်ပေးလေသည်။ ချစ်ခင်အရဲစွန့်ပြီး ပြောရာ မေဖြူက နှာခေါင်းရှုံ့ပြီး ရှင့်လို ကပ်စေးနဲကော်တစ်ရာကိ်ုယူပြီးဆန်ပြုတ်မသောက်နိုင်ကြောင်း၊ရိုက်နှက်မခံနိုင်ကြောင်း၊ပေတိုးလေသံအတိုင်းပြောသဖြင့် ချစ်ခင်ကသူကပ်စေးထင်သလောက်မနည်းကြောင်း၊ သဒ္ဒါတရားကောင်းကြောင်း၊ ဗိုက်ဆာနေတဲ့ ခွေးလေးတစ်ကောင်ကို သူစားမယ့်ထဲက တစ်ဝက်ကျွေးဖူးကြောင်း ရှင်းပြသော်လည်း မေဖြူကလက်မခံဘဲ ခြေဆောင့်ထွက်သွားလေသည်။

 

ထိုကဲ့သို့ အခြေအနေမျိုးတွင် မေဖြူ၏ အချစ်ကိုရယူပိုင်ဆိုင် နိုင်ရန် ချစ်ခင် နှင့် ပေတိုးတို့၏ တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် ကြိုးပမ်းကြပုံ၊ တစ်အပေါ်တစ်ဦး အပြန်အလှန် ဒုက္ခပေးပုံ၊ အနိုင်ရရှိသွားသော ချစ်ခင်တစ်ယောက် မင်္ဂလာခုတင်ကြောင့် အလွဲလွဲ အချော်ချော်ဖြစ်ခဲ့ပုံ၊ သူချင်းများ၏ အပြန်အလှန်မြောက်ပင့် အကြံပေးပုံတို့ကို ဟာသ အမြင်ဖြင့် သရုပ်ဖော်ရိုက်ကူးထားသည့် ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ကြောင်းသိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်