မင်္ဂလာဒုံ၊ ကျိုင်းတုံ၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၇   ဒီဇင်ဘာ 

           

မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ မကွေးလမ်းအတွင်းတွင် တွေ့ရှိသူ ဆန်းလင်းမောင်(ခ)သွားကျိုးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၆၆ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာ အုပ်စု၊ ကတ်ဖ-ဝမ်တာကျေးရွာသွားလမ်းတွင် မနန်းဖူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကျိုင်းရှဲန်ကျေးရွာနေ စိုင်းကန်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅ ပြား ကိုလည်းကောင်း၊

 

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းလားသွားလမ်း၊ ကျိုင်းရှဲန်ကျေးရွာ ထိပ်လမ်းတွင် မောလို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့် တူမီးသေနတ်တစ်လက်တို့ကိုလည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက လားရှိုးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၉)၊ ဓမ္မဂုဏ်ရည်လမ်းသွယ်(၉)နေ အောင်ဦး၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 (သတင်းစဉ်)