ရန်ကုန် ၂၃  ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယာယီပျံကျဈေးကို ကျိုက္ကလော့ဝတ္တကမြေတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ် ရောင်းချခဲ့သည်။

 

အဆိုပါ ယာယီပျံကျဈေးကို လူစုလူဝေးမဖြစ်စေရေးနှင့် ပြည်သူများ အခြေခံစားသောက်ကုန်များ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ကျိုက္ကလော့ဝတ္တကမြေတွင် အလျား (၃၀၀)ပေ၊ အနံ(၂၀၀)ပေကို (၅)ပေပတ်လည်အကွက် (၆)ပေခြားဆီ အကွက်ပေါင်း(၈၀၀) ကျော်ကို ဈေးသည်(၄၀၀)ဦးအတွက် မြို့နယ်စည်ပင်မှ စနစ်တကျ ဖွင့်လှစ်ပေးခဲ့ပြီး နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယာယီပျံကျဈေးတွင် ရောင်းချသည့် ဈေးသည်များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လက်အိတ်ဝတ်ဆင်ကြရန်၊ စနစ်တကျရှိစေရန် တို့ကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

အလားတူ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေးမှ ပျံကျဈေးသည်များကို စည်ပင်ကြက်ခြံမှာ ယာယီရွှေ့ပြောင်းဖို့ စီစဉ်နေတာပါ၊ စည်ပင်ကြက်ခြံဝင်းရဲ့ အကျယ်အဝန်းကတော့ အလျား(၄၈၀)ပေနဲ့ အနံ(၄၀၀)ပေခန့် ကျယ်ဝန်းပြီး ဆိုင်တစ်ခုကို (၆)ပေကွာ၊ ဆိုင်ပေါင်း(၆၀၀)လောက် ခန့်မှန်းကာ စီစဉ်ဆောင်ရွက်နေကြောင်း”ဟု မင်္ဂလာဒုံမြို့နယ်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)