မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးနှင့် ရွှေပြည့်စုံဈေးများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ လူသုံးကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များ ယာယီပိတ်သိမ်းသွားမည်

ရန်ကုန်    ၃၁   မတ်    

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရာတွင် ဈေးဝယ်စင်တာကြီးများ၌ ပြည်သူများ ဝင်/ထွက်သွားလာမှု လျော့ချကန့်သတ်နိုင်ရန် ရည်ရွယ်၍ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးနှင့် ရွှေပြည့်စုံဈေးများကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီက ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
        
အဆိုပါဈေးဝယ်စင်တာကြီးများအတွင်း အခြေခံစားသောက်ကုန် (ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ကုန် ခြောက်ပစ္စည်းများကဲ့သို့) နှင့် ဆေးဝါးမှလွဲ၍ အခြားလူသုံးကုန်ပစ္စည်းများနှင့် အများပြည်သူများအတွက် အရေးတကြီး လိုအပ်ခြင်းမရှိသော ကုန်ပစ္စည်းများကို လက်လီ/ လက်ကားရောင်းချခြင်းများအား ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ၁၀ ရက်တိုင် ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ပိတ်သိမ်းကာလကို ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းကော်မတီထံမှ သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)