မန္တလေး ဧပြီ  ၅

 

၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလအတွင်း မန္တလေးမြို့ရှိ သင်္ကြန်ချစ်သူပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မန္တလေးမြို့ချမ်းမြသာစည် မြို့နယ် (၇၃)လမ်းရှိ မင်္ဂလာ မန္တလေး လမ်းလျှောက်သင်္ကြန်ကို ဇုန်များအလိုက် ဆန်းသစ်သည့် အစီအစဉ်ကောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန် ဇုန်အတွင်း Floating Street ဇုန်၊ Star Light  Street ဇုန်၊ Flower Street ဇုန်နှင့် Water Street ဇုန် စသည်ဖြင့် ဇုန်များအလိုက်သတ်မှတ်၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် ရိုးရာလက်မှုပညာရပ်များ၊ ယခင်နှစ်များနှင့် မတူညီသည့် ဒီဇိုင်းများဖြင့် ခမ်းနားထည်ဝါစွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း  Mandalay Management Coperation မှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးနိုင်က ပြောသည်။ 

 

“ကျွန်တော်တို့ ဇုန်တွေအတွင်းမှာပဲ သနပ်ခါးယဉ်ကျေးမှုအတွက်ကိုလည်း ရေပက်ခံလာတဲ့သူတွေကို သနပ်ခါးလိမ်းလို့ရအောင် သနပ်ခါးကျောက်ပျဉ်တွေ ချထားပေးမယ်။ နောက်ပြီး ဇုန်များအလိုက် ထီးတွေနဲ့ အလှဆင်တာတွေ၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် ရေလောင်းနိုင်ဖို့ လောင်းလှေတွေလည်း စီစဉ်ပေးသွားမှာပါ။ တခြား ထူးခြားတဲ့ အစီအစဉ်တွေလည်းရှိ ပါသေးတယ်” ဟု ၎င်းက ပြောသည်။ 

 

ထို့ပြင် ယခုနှစ်တွင် ပြည်သူများ ပင်ပန်းခဲ့သမျှ ပြေပျောက်၍ ပိုမို အပန်းဖြေစေလိုသည့်  ရည်ရွယ်ချက်ဖြင့် မဏ္ဍပ်ကိုလည်း ခမ်းနားထည်ဝါစွာ တည်ဆောက်နေပြီး နိုင်ငံကျော်အဆိုတော်ပေါင်းများစွာဖြင့် သင်္ကြန်ကာလအတွင်း ဖျော်ဖြေသွားမည်ဖြစ်ကာ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကိုလည်း သင်္ကြန်အကြိုနေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 

 

မင်္ဂလာမန္တလေး လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း စွမ်းအင် ချွေတာသည့်အနေဖြင့် ဆိုလာပါဝါ စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သင်္ကြန်ချစ်သူပြည်သူများအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအလှအပများ၊ ဖျော်ဖြေရေး အစီအစဉ်ကောင်းများကို ခံစားရင်း သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ အတူတကွလာရောက် ဆင်နွှဲနိုင်ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)