ရန်ကုန် ၃ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၁၉)ဆိုင်မှ တာဝန်ခံများကို ခေါ်ယူကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေးတို့အတွက် ထပ်မံအသိပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်နှင့်အဖွဲ့ဝင် (၁)၊ အဖွဲ့ဝင် (၂) ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမင်းလှိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း၌ ဆိုင်ထိုင်စားသောက်ရောင်းချလိုကြောင်းတင်ပြထားသည့် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်(၁၄)ဆိုင်အား စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် စားပွဲဝိုင်းများအား ကြားတွင် အကာအရံများထားရှိရေး၊ အစားအသောက်များအား ပိုးမွှား မဝင်ရောက်နိုင်အောင် ကာရံထားရှိရေး၊ လက်ဆေးဘေစင်များ၊ Hand Gel များ ထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် Mask များ၊ မျက်နှာကာများတပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ အိုး၊ ခွက် အသုံးအဆောင်များနှင့် စားဖိုဆောင်များအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရန်နှင့် စည်းကမ်းမလိုက်နာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)


