ရန်ကုန် ၃ စက်တင်ဘာ
သဘာဝဘေးအန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ်သည် အချိန်အခါမရွေးကျရောက်လာနိုင်ပြီး ပျက်စီးဆုံးရှုံးမှုမှာလည်း များပြားသည့်အတွက် ပြည်သူများ သတိပြုကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အလက(၂)တွင် အသိပညာပေး ဟောပြောပွဲ နှင့် ကျောင်းတွင်း ငလျင်အန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲ၌ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ Plan International Myanmar အဖွဲ့၊ ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍ ငလျင်အန္တရာယ်နှင့် ကြုံလာပါက လက်တွေ့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)


