ရန်ကုန် ၂၁ ဇွန်

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလများအတွင်း မြို့နယ်၏ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ပရဟိတအဖွဲ့များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည့် Case လူနာ (၂) ဦးရှိခဲ့သော်လည်း ပရဟိတအဖွဲ့များ၏ ဝိုင်းဝန်းကြိုးပမ်းမှုများကြောင့် ဆက်လက်ကူးစက်မှုများမရှိဘဲ အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း မြို့နယ်အကျိုးအတွက် လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်က ပရဟိတအဖွဲ့များနှင့် မိမိတို့ကော်မတီအနေဖြင့် လုပ်ငန်းများ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခက်အခဲများရှိပါကလည်း ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဖို့မြေရပ်ကွက် ပရဟိတအသင်း၊ မေတ္တာပီတိ ပရဟိတ လူမှုကူညီစောင့်ရှောက်ရေးအသင်းနှင့် ပုသိမ်ညွန့် လူမှုကူညီစောင့်ရှောက်ရေးအသင်းတို့မှ အသင်းသား၊ အသင်းဦး (၃၇)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲတို့ကို မြို့နယ်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ အသင်းတာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ချစ်စုဝေ(ပြန်/ဆက်)

 

mdn