ရန်ကုန်၊ ၂၃ ဇူလိုင်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ Community Based Facility Quarantine Centre တွင် တာဝန်ထမ်းဆောင်မည့် Volunteer များအား သင်တန်းပို့ချခြင်းကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက သိမ်ဖြူလက်ဝှေ့ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က ပရဟိတစိတ်ကိုအရင်းတည်ပြီး မွန်မြတ်သည့်လုပ်ငန်းဖြစ်သည့် Volunteer လုပ်ကိုင်ကြမည့် သူများအနေဖြင့် ပြည်သူများ၏ အကျိုးကို အားမာန်အပြည့်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ကျန်းမာရေး ကောင်းမွန်ရန်နှင့် ရောဂါကူးစက်ခံရမှုက ကာကွယ်ကြရန်လည်း အဓိကအရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဟေမာန်ဇော်က Community Based Facility Quarantine Centre တွင် တာဝန်ထမ်းဆောင်မည့် Volunteer များအား ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်ဆံရာတွင် ဂရုပြုရမည့် ကာကွယ်နည်းလမ်းများ၊ PPE ဝတ်စုံကို စနစ်တကျဝတ်ဆင်နည်းနှင့် ပြန်လည်စွန့်ပစ်ပုံ အဆင့်ဆင့်တို့နှင့် အသုံးအဆောင်ပစ္စည်းများအား ပိုးသတ်ခြင်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ သင်တန်းသို့ ပရဟိတလုပ်ငန်းကို စိတ်ဝင်စားသူ Volunteer (၂၀) တက်ရောက်ခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းဖွင့်လှစ်ရာသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မြို့နယ်အဆင့် ဥက္ကဋ္ဌ ဦးတင်မျိုးအောင်၊ ဗိုလ်မှူး သိန်းဆွေမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)


